Headlines News :
Home » » ဘူဒိုဇာအစိုးရ မဖြစ်လိုသည့်အတွက် ကျူးကျော်ပြဿနာဖြေရှင်းရန် စာရင်းပြုစုနေပြီး ကျူးကျော်ဖြစ်နေရသူများအတွက် အစိုးရတွင် တာဝန်ရှိကြောင်းနှင့် အစိုးရက မြေရအောင် လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ပြောကြား

ဘူဒိုဇာအစိုးရ မဖြစ်လိုသည့်အတွက် ကျူးကျော်ပြဿနာဖြေရှင်းရန် စာရင်းပြုစုနေပြီး ကျူးကျော်ဖြစ်နေရသူများအတွက် အစိုးရတွင် တာဝန်ရှိကြောင်းနှင့် အစိုးရက မြေရအောင် လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ပြောကြား

Written By Aye Minn on Tuesday, April 26, 2016 | 8:57 AM


ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း စက်မှုဇုန်(ရန်ကုန်) ကိုယ်စားလှယ်များနှင့် ဧပြီ ၂၅ ရက်က တွေ့ဆုံစဉ်

ကျူးကျော်ပြဿနာအား ဖြေရှင်းနိုင်ရန် လက်ရှိအချိန်တွင် စာရင်းပြုစုနေကြောင်း နှင့်  လက်ရှိအစိုးရသည် ဘူဒိုဇာအစိုးရ မဖြစ်လိုဘဲ ဘ၀တိုးတက်အောင် လုပ်ဆောင်လိုပြီး အခြေအနေကြောင့် ကျူးကျော်ဖြစ်နေရသူများအတွက် အစိုးရတွင် တာဝန်ရှိကြောင်း နှင့် လက်ရှိတွင် အစိုးရက မြေနေရာရအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည် စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် စက်မှု ဇုန်(ရန်ကုန်) ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ ရွှေ့ပြောင်းလုပ်သားက အရမ်းများတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မှာပဲ အလုပ်ရှိတယ်။ ဒီတော့ ကျွန်တော်တို့က ပြေလည်အောင် ရှင်းပေးမယ်။ တိုက်ခန်းဆောက်ပြီး ရောင်းပေးမယ်ဆိုရုံနဲ့ မပြေလည်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အဲဒီလောက် ပိုက်ဆံမရှိနိုင်ဘူး။ ပထမတော့ ရပ်ကွက်ထဲမှာ ၅၀၀၀၀ နဲ့ ငှားပြီးနေနိုင်တယ်။ သူငယ်ချင်းငါးယောက် တစ်ယောက် တစ်သောင်းပေါ့။ ကျူးကျော်တဲ ပေါ်လာချိန်မှာ သူတို့က မဆောက်ရဲဘူး။ ငါးသောင်း၊ တစ်သိန်းနဲ့ သွားဝယ်လိုက်တယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့က ဘူဒိုဇာနဲ့ သွားထိုးလို့မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ဒီစက်ရုံလုပ်သားတွေက နိုင်ငံ့အတွက် အသုံးတည့်တဲ့သူတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ အစိုးရက မြေရအောင် လုပ်ပေးမယ်။ မြေကို ထိုက်တန်တဲ့ အခြေအနေတစ်ခုနဲ့ ညှိနှိုင်းမယ်။ ကျွန်တော်တို့က သူ့ကို အဝေးကြီးသွားထားလို့ မရဘူး။ အဝေးကြီးသွားထားရင် သူတို့က ပြန်ကျူးကျော်လာမယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်တွင် လက်ရှိ လည်ပတ်နေသည့် စက်ရုံ ၆၀၀ ကျော်ရှိနေပြီး ကျူးကျော်တဲ အရေအတွက်မှာ ၈၀၀၀ ခန့် ရှိနေကြောင်းနှင့် ထိုကျူးကျော်တဲများကြောင့် ကျန်းမာရေးပြဿနာ၊  တရားဥပဒေစိုးမိုးမှု ပြဿနာများ ဖြစ်ပွားစေနိုင်ကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌက ဆွေးနွေးသည်။

“ကျေူးကျော်ကိစ္စကတော့ စာရင်းပြုစုနေပါတယ်။ ကျွန်တော်တို့ ရောချလိုက်တာမျိုး မလုပ်ချင်ဘူး။ တကယ် အလုပ်လုပ်ချင်တယ်။ တကယ် ဘ၀ကို တိုးတက်အောင် လုပ်ချင်တယ်။ အခြေအနေအကြောင်းကြောင့် ကျူးကျော်နေရတယ်ဆိုရင် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့က ဘူဒိုဇာအစိုးရ မဖြစ်ချင်ဘူး။ တွန်းထုတ်လိုက်ပြီး ဒီနေရာကနေ နောက်တစ်နေရာ ရောက်သွားတယ်ဆို ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး။ ဒီကိစ္စကို ကျွန်တော်တို့ ရှင်းပေးမယ်။ ကျူးကျော်လိုမျိုးကိစ္စတွေဟာ အချိန်တစ်ခု ယူပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ဟာ ဖြေရှင်းနိုင်မယ့် အချိန်ဖြစ်ပါတယ်။  ပိုဆိုးသွားပြီး ပြဿနာကို ပိုကြီးလာမယ့် အခြေအနေမဖြစ်ရပါဘူး။ ရှေးကတည်းက ဆင်းရဲပြီး နေစရာမရှိတဲ့သူတွေက လုပ်စားသူတွေရဲ့ အသုံးချခံဖြစ်နေပါတယ်။ ဒါကို မှန်မှန်ကန်ကန် ဆောင်ရွက်ပါမယ်” ဟု ဦးဖြိုးမင်းသိန်း က ဆိုသည်။                   

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template