Headlines News :
Home » , » ထိုင်းတူနာငါးစက်ရုံက မြန်မာရွှေ့ပြောင်းလုပ်သားများကို ကြုံခေါင့်ကြုံခဲ လျော်ကြေးဒေါ်လာ ၁ ဒသမ ၃ သန်းပေးအပ်

ထိုင်းတူနာငါးစက်ရုံက မြန်မာရွှေ့ပြောင်းလုပ်သားများကို ကြုံခေါင့်ကြုံခဲ လျော်ကြေးဒေါ်လာ ၁ ဒသမ ၃ သန်းပေးအပ်

Written By Aye Minn on Tuesday, March 1, 2016 | 8:10 PM



၂၀၁၅ ခုနှစ် ဇူလိုင် ၃၀ ရက်က ဘန်ကောက်မြို့ပြင် မဟာချိုင်ရှိ ဆိပ်ကမ်းတစ်ခုတွင် ငါးရွေးနေသော ရွှေ့ပြောင်းအလုပ်သမားများ

အလုပ်သမားများအား ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့သည်ဟု တိုင်ကြားချက်များစွာ ကြုံခဲ့ရပြီးနောက် ထိုင်းတူနာငါးစက်ရုံတစ်ရုံက ၎င်းတို့၏အလုပ်သမားများကို လျော်ကြေးဒေါ်လာ ၁ ဒသမ ၃ သန်းပေးရန် သဘောတူခဲ့ကြောင်း တာဝန်ရှိသူများက မတ် ၁ ရက်တွင် ပြောကြားခဲ့ရာ အရှုပ်တော်ပုံများဖြင့် ပြည့်နှက်နေသော ထိုင်းပင်လယ်စာ လုပ်ငန်းတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြုံခေါင့်ကြုံခဲအောင်ပွဲဖြစ်ခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်များသို့ ငါးများ ရောင်းချသော ဆမတ်ဆခွန်ရှိ တူနာငါးစည်သွတ်စက်ရုံ Golden Prize Tuna Canning မှ ရာနှင့်ချီသော မြန်မာအလုပ်သမားများသည် လုပ်ငန်းခွင်၌ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံခဲ့ရမှုများအတွက် လျော်ကြေးတောင်းဆိုမှုကို လနှင့်ချီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Golden Prize စက်ရုံမှ အလုပ်သမားများသည် ဥပဒေနှင့်ဆန့်ကျင်သော လစာနိမ့်ပါးစွာ ရရှိမှုနှင့် ကြီးကြပ်ရေးမှူးများ၏ ညှဉ်းပန်းနှိပ်စက်မှုကို ကာလရှည်ကြာ ကြုံတွေ့ခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့များကလည်း ပြောကြားခဲ့သည်။

ပြီးခဲ့သောသီတင်းပတ်တွင် အလုပ်သမား ၁၀၀၀ ပါဝင်သော ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် ယင်းကုမ္ပဏီ၏ ကိုယ်စားလှယ်များသည် စစ်ဘက်တာဝန်ရှိသူများ၊ အစိုးရတာဝန်ရှိသူများနှင့် ရွှေ့ပြောင်းအလုပ်သမား ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီ ၂၉ ရက် ညနေတွင် သဘောတူညီချက် ရခဲ့ကြောင်း သိရသည်။ “ကုမ္ပဏီက ပြီးခဲ့တဲ့ညမှာ အလုပ်သမား ၁၁၀၀ ကို လျော်ကြေးဘတ် ၄၈ သန်း (ဒေါ်လာ ၁ ဒ သမ ၃ သန်း) စပြီး ပေးနေပြီ” ဟု ပြည်နယ် အလုပ်သမားဌာနအကြီးအကဲ ဘွန်းလူဆာ့တ်ဘက်က ပြောကြားခဲ့သည်။ အလုပ်သမား ၇၀၀ ကို လျော်ကြေးပေးပြီးသွားပြီ ဖြစ်ပြီး ကျန်အလုပ်သမားများကို မတ် ၁ ရက်တွင် ပေးမည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာမှ အများစုပါဝင်သော အလုပ် သမား ၂၀၀၀ နီးပါး လုပ်ကိုင်နေသည့် Gold- en Prize Tuna စက်ရုံနှင့် ပတ်သက်၍ မြန်မာအလုပ်သမားများကို ကူညီပေးနေသော ဗြိတိန်အလုပ်သမားတက်ကြွလှုပ်ရှားသူ အင်ဒီဟောက ကြီးမားသော ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ၏ ခြောက်လှန့်မှုများသည် နောက်ဆုံးတွင် အရေးယူမှုများ ဆောင်ရွက်ရန် ထိုင်းစစ်အစိုးရအတွက် ဖိအားဖြစ်ခဲ့သည်ဟု  သံသယရှိခဲ့သည်။ “ဒီလောက် လျော်ကြေးအများကြီးပါဝင်တဲ့ အဲဒီလို အငြင်းပွားပြဿနာတစ်ခုကို တကယ်ပဲ ဖြေရှင်းလိုက်တယ်ဆိုတာ လုံးဝမမျှော်လင့်ထားတဲ့အရာပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

ယခင်ကမူ ထိုင်းစက်ရုံများသည် အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း စွပ်စွဲမှုများကို အသရေဖျက်မှုဆိုင်ရာ ဥပဒေများ အသုံးပြု၍ တုံ့ပြန်ခဲ့ကြသည်။ ထိုင်းသစ်သီးကုမ္ပဏီတစ်ခု၌ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများရှိနေသည်ဟု မီးမောင်းထိုးပြခဲ့ရာ လတ်တလောတွင် ဟောသည်ပင်တရားရင်ဆိုင် နေရသည်။  ထိုင်းသည် ကမ္ဘာတွင် တတိယမြောက် ပင်လယ်စာ တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်သော်လည်း ယင်းလုပ်ငန်းတွင် အခွင့်အရေး ချိုးဖောက်မှုများနှင့် အိမ်နီးချင်းမြန်မာနှင့်
ကမ္ဘောဒီးယားမှ မှောင်ခိုကူးအလုပ်သမားများ လုပ်ကိုင်နေမှုစသည့် အရိပ်မည်းများ လွှမ်းမိုးနေခဲ့သည်။

ထိုင်းနိုင်ငံ ဂိုလ်းဒင်းပရိုက်စ်ငါးသေတ္တာဘူးစက်ရုံ အငြင်းပွားမှုတွင် မြန်မာအလုပ်သမားများအတွက် နစ်နာကြေးငွေများ ၆၅ ရာ ခိုင်နှုန်းမှ ရာခိုင်နှုန်း ၈၀ ပြန်လည် ပေးအပ်ရန် ဖေဖော်ါရီ ၂၉ ရက်က ဆွေးနွေးမှုတွင် သဘောတူညီခဲ့ကြပြီး နစ်နာကြေးများကို ပြန်လည်ပေးအပ်ပေးနေကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်မှ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

နစ်နာကြေးအဖြစ် နေ့စားအလုပ်သမား ဦးရေ ၁၁၀၀ ခန့်သည် နောက်ကြောင်းပြန် နစ်နာကြေးအဖြစ် တစ်ဦးလျှင် ဘတ် ၄၅၀၀၀ မှ ဘတ် ၇၀၀၀၀ ကျော်အထိ လက်ခံရယူခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အလုပ်ရှင်၏ ပေးလျော်ငွေ ဘတ်သန်း ၆၀ ခန့်ကို နေ့စားအလုပ်သမား ၁၁၀၀ ကျော်တို့က လက်ခံရရှိ ပြီးဖြစ်ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။

ထို့ပြင် ကီလိုစားအလုပ်သမား ၂၀၀ ကျော်တို့သည် တစ်ဦးလျှင် ဘတ် ၅၀၀၀ မှ ၁၀၀၀၀ ခန့်အထိသာ အလုပ်ရှင်ဘက်မှ ပြန်လည်ပေးအပ်ခြင်းကို လက်ခံခြင်းမရှိဘဲ ဆက်လက်တောင်းဆိုနေကြောင်း သိရသည်။အဆိုပါ စက်ရုံရှိ ထိုင်းအလုပ်သမား ၂၀၀ ကျော်တို့သည် လာမည့် မတ် ၄ ရက်တွင် အလုပ်ရှင်က ပေးလျော်မည့် လျော်ကြေးပမာဏ ကြေညာချက်ကို ထပ်မံစောင့်ဆိုင်းမည် ဖြစ်ကြောင်းသိရသည်။လပေါင်းကြာမြင့်စွာ ဖြေရှင်းခဲ့ရသည့် ဂိုးလ်ဒင်းပရိုက်စ် ငါးသေတ္တာစက်ရုံအလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုအတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“အားလုံးတော့ အေးချမ်းသွားတဲ့အဆင့် မရောက်သေးဘူး။ ကဏ္ဍအသီးသီးရှိတဲ့အထဲမှာမှ ငါးခေါင်းဖြတ်တဲ့အလုပ်ဌာနက လူတွေက မကျေနပ်သေးဘူးလို့ ကြားရပါတယ်။ဆက်ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။ မနေ့က ဆွေးနွေးတာ ည ၁၁ နာရီခွဲလောက်မှာ သဘောတူညီမှုရသွားပါတယ်။ နောက်ပိုင်း ပိုက်ဆံရှင်းပေးတဲ့ ကိစ္စတွေကြောင့် အချိန်ကြန့်ကြာသွားတာပါ”ဟု ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။     
Writer:
Ref: AFP
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template