Headlines News :
Home » » အိန္ဒိယ လေတပ်စခန်း တိုက်ခိုက်ခံရမှု ၁၄ နာရီအကြာတွင် ပြီးဆုံးသွားပြီး သုံးဦး သေဆုံး

အိန္ဒိယ လေတပ်စခန်း တိုက်ခိုက်ခံရမှု ၁၄ နာရီအကြာတွင် ပြီးဆုံးသွားပြီး သုံးဦး သေဆုံး

Written By Aye Minn on Sunday, January 3, 2016 | 8:42 PM

ဇန်န၀ါရီ ၃ ရက်က ပန်ဂျပ်ပြည်နယ်ထဲမှ တိုက်ခိုက်ခံရသော ပါသန်ကော့ လေတပ်စခန်းထဲရှိ အဆောက်အအုံ တစ်ခုပေါ်တွင် တွေ့ရသော စစ်သားများ (Photo: AFP)
ပါကစ္စတန်နယ်စပ် အနီးတွင်ရှိသော အိန္ဒိယ လေတပ်စခန်းသို့ အစ္စလာမ္မစ် စစ်သွေးကြွများဟု ယူဆရသော သေနတ်သမားများ ၀င်ရောက်တိုက်ခိုက်မှုသည် ၁၄ နာရီ ကြာမြင့်ခဲ့ပြီးနောက် ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်သား သုံးဦး သေဆုံးခဲ့ကြောင်း ဇန်န၀ါရီ ၂ ရက်က ကြေညာခဲ့သည်။

ပန်ဂျပ်ပြည်နယ် မြောက်ပိုင်း၊ ပါသန်ကော့ လေတပ်စခန်း တိုက်ခိုက်ခံရမှုတွင် တိုက်ခိုက်သူ လေးဦးထက် မနည်းသည် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်ဟု သိရသည်။ ထိုသေနတ်သမားများသည် ပါကစ္စတန် အခြေစိုက် ဂျာအစ်အီမိုဟာမက် အစ္စလာမ္မစ် အုပ်စုမှဟု သံသယရှိနေကြပြီး ဇန်နဝါရီ ၂ ရက် နံနက် ၃ နာရီခွဲ ၀န်းကျင်တွင် တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ပါကစ္စတန်နိုင်ငံသို့ ကြိုတင်ကြေညာခြင်း မရှိဘဲ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး သီတင်းတစ်ပတ် အကြာတွင် ယခုတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်ဘက်မှ စစ်သွေးကြွများ ပါဝင်ဖွယ် ရှိနေသည့် ထိုတိုက်ခိုက်မှုသည်  နျူကလီးယား ပိုင်ဆိုင်သော ပြိုင်ဘက် နှစ်နိုင်ငံကြားမှ အခြေတည်စ ငြိမ်းချမ်းသော ဆက်ဆံရေးကို ခြိမ်းခြောက်နိုင်သည်ဟု ယူဆနေကြသည်။

“လူသားချင်း စာနာထောက်ထားမှုရဲ့ ရန်သူတွေဟာ ပါသန်ကော့ လေတပ်စခန်းကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုံခြုံရေး တပ်ဖွဲ့တွေဟာ သူတို့ကို အောင်နိုင်ခွင့် မပြုခဲ့ပါဘူး” ဟု အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာမိုဒီက သူ၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ ပါကစ္စတန် အစိုးရကလည်း ထိုတိုက်ခိုက်မှုအပေါ် အပြစ်တင် ဝေဖန်ခဲ့ပြီး အိန္ဒိယနှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လိုကြောင်း အပြုသဘောဆောင်သည့် စကားများ ပြောကြားခဲ့သည်။

ပါကစ္စတန် နယ်စပ်မှ မိုင် ၃၀ အကွာတွင် ရှိပြီး မဟာဗျူဟာကျသော နေရာတွင် ရှိသည့် ပါသန်ကော လေတပ်စခန်း၌ တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာကို ထားရှိထားသည်။ “တိုက်ခိုက်တဲ့ သူတွေဟာ ဂျာအစ် အဖွဲ့ကပါ။ ဂျာအစ်တို့ကလည်း သူတို့မှာ တာဝန်ရှိတယ် ဆိုတာကို ထုတ်ပြန်ခဲ့ပါတယ်” ဟု အိန္ဒိယစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ဆာတစ်ရှ်ဒျူဝါက သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော် ထိုပြောကြားချက်ကို အတည်မပြုနိုင်သေးပေ။

ပါကစ္စတန်နိုင်ငံတွင် ပိတ်ပင်ခံထားရသော ဂျာအစ်အီမိုဟာမတ် အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် အိန္ဒိယဘက်ခြမ်းမှ ကက်ရှ်မီးယားတွင် ခွဲထွက်ရေးတိုက်ပွဲများ ဆင်နွှဲနေသည့် အဖွဲ့ဖြစ်သည်။ ပုံမှန်အားဖြင့် တည်ငြိမ်မှုမရှိသော ကက်ရှ်မီးယားဒေသ အပြင်ဘက်ရှိ အိန္ဒိယ စစ်စခန်းများကို ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လေ့ မရှိပေ။

Ref: AFP 
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template