Headlines News :
Home » , » စစ်ပွဲများ၊ သယံဇာတ၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေး မရခြင်း နောက်ကွယ်

စစ်ပွဲများ၊ သယံဇာတ၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေး မရခြင်း နောက်ကွယ်

Written By Aye Minn on Sunday, January 10, 2016 | 10:49 PM


၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ ကျင်းပမှုဆိုင်ရာ မှတ်တမ်းများ ( ဓာတ်ပုံ-တိုင်းကျိုးပြည်ပြု ဒုတိယအတွဲ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်န၀ါရီ ၁၂ ရက်မှာ လုပ်ပါမယ်။ ညီလာခံအတွက် ကိုယ်စားလှယ် ၇၀၀ ခေါ်ယူခဲ့ပါတယ်။ ဒီညီလာခံဟာ အမျိုးသားညီလာခံကို ပြန်ပြီးအမှတ်ရစေပါတယ်။

၁၉၉၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်မှာ အမျိုးသားညီလာခံ စတင်ပါတယ်။ အခု ညီလာခံကို ဇန်န၀ါရီ ၁၂ ရက်မှာ စတင်မှာပါ။

အမျိုးသား ညီလာခံအတွက် ကိုယ်စားလှယ် ၇၀၂ ဦး ခေါ်ယူပါတယ်။ အခုညီလာခံအတွက် ကိုယ်စားလှယ် ၇၀၀ ဦး ခေါ်ယူပါတယ်။ အမျိုးသား ညီလာခံမှာ ကိုယ်စားပြု အစုအဖွဲ့ရှစ်ဖွဲ့ တက်ရောက်ပါတယ်။ အခုညီလာခံအတွက် ကိုယ် စားပြုအစုအဖွဲ့ငါးဖွဲ့ သတ်မှတ်ထားပါတယ်။

အမျိုးသား ညီလာခံကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ၁၀၇ ဦး တက်ရောက်ခွင့် ရပါတယ်။ အခု ညီလာခံမှာတော့ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦးပဲ တက်ရောက်ခွင့် ရပါတယ်။ အမျိုးသား ညီလာခံ ထက်နည်းပါတယ်။

အမျိုးသား ညီလာခံကို တက်ရောက်ခွင့်ရတဲ့ ကိုယ်စားလှယ် အစုအဖွဲ့တွေမှာ နိုင်ငံရေးပါတီများ ကိုယ်စားလှယ် ၄၉ ဦး၊ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ၁၀၇ ဦး၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၂၁၅ ဦး၊ တောင်သူလယ်သမား ကိုယ်စားလှယ် ၉၃ ဦး၊ အလုပ်သမား ကိုယ်စားလှယ် ၄၈ ဦး၊ တတ်သိပညာရှင် ကိုယ်စားလှယ် ၄၁ ဦး၊ နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ် ၉၂ ဦး၊ အခြားဖိတ်ကြားသင့်တဲ့ ကိုယ်စားလှယ် ၅၇ ဦး ပါဝင်ခဲ့ပါတယ်။ စုစုပေါင်း ၇၀၂ ဦးမှာ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ၁၀၇ ဦးကလွဲရင် ကျန်တဲ့ ၅၉၅ ဦးက ဘက်တစ်ဘက်တည်းမှာ ရှိနေသူတွေ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ၁၉၉၃ ခုနှစ်မှာ စတင်ခဲ့တဲ့ အမျိုးသား ညီလာခံဟာ ဟန်ပြသာ ဖြစ်ခဲ့ပြီး စစ်အာဏာရှင်တွေ စိတ်ကြိုက် ခြယ်လှယ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ အမျိုးသား ညီလာခံ ပြီးဆုံးပါတယ်။ ရလဒ်အဖြစ်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထွက်လာပါတယ်။

အမျိုးသား ညီလာခံက အချိန် ၁၄ နှစ် ကြာခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်သေးပါဘူး။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုလုပ်ငန်းဌာန (MPC) ရဲ့ ကနဦး ရည်မှန်းချက်တွေမှာတော့ ညီလာခံကို ငါးနှစ်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ ပါဝင်တဲ့ ပုဒ်မခွဲ ၄-၂-၄ အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီမှာ စတင်ဖို့ ပြဋ္ဌာန်းထားပြီး လေးလတစ်ကြိမ် လုပ်မယ်လို့ ဆိုထားပါတယ်။

အမျိုးသား ညီလာခံရဲ့ ခေါင်းစဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ ထွက်လာခဲ့ပေမယ့် စစ်အာဏာရှင်တွေ စိတ်ကြိုက်ပဲ ဖြစ်ခဲ့ပြီး နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းတွေ အခုထိ ဖြစ်နေတုန်းပါ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံရဲ့ ဦးတည်ချက်က ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ဒါမှမဟုတ် ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုဖို့ ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေး ဆွေးနွေးမှုလို့ ခေါ်ဆိုနေကြပေမယ့် အာလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မဟုတ်သလို အခုညီလာခံကို ဒုတိယပင်လုံအဖြစ် သတ်မှတ်လို့လည်း မရပါဘူး။

■ မစခင်မှာ ဆုံးနှင့်ပြီလား

၂၀၁၂ မှာ အသက်သွင်းခဲ့တဲ့ “ငြိမ်းချမ်းရေး” ကြွေးကြော်သံကို ပုံဖော်ဖို့ လေးနှစ်ကျော် ကြိုးစားခဲ့ပါတယ်။ အသံကျယ်ပြီး ငွေကုန်ခဲ့ပါတယ်။ သေနတ်သံတွေ မတိတ်ခဲ့သလို ယမ်းငွေ့ မပြယ်ခဲ့ပါဘူး။

နောက်ဆုံးမှာ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ထဲက ရှစ်ဖွဲ့နဲ့ သဘောတူညီမှုယူပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ် ထိုးခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးသူတွေထဲမှာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ “၀” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မပါခဲ့သလို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) လည်း မပါခဲ့ပါဘူး။

နိုင်ငံအနှံ့ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေထဲက ၁၅ ရာခိုင်နှုန်းကပဲ NCA ကို လက်ခံခဲ့ပြီး လက်မှတ်ထိုးတယ်လို့ ပြောနိုင်ပါတယ်။ အဲဒီ ၁၅ ရာခိုင်နှုန်းကို အခြေပြုပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံလုပ်မှာ ဖြစ်တဲ့အတွက် ဖယ်ဒရယ် ပြည်ထောင်စုအတွက် အုတ်မြစ်ချဖို့ ခက်ပါမယ်။

တစ်ဖက်မှာလည်း NCA လက်မှတ် မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ညီလာခံ ဖိတ်ခဲ့ပေမယ့် အားလုံးနီးပါး မတက်ပါဘူး။ NCA လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ရေးအရ ဖိအားပေးမှု ရှိတယ်လို့ ယူဆထားပါတယ်။ နောက်တစ်ချက်က ညီလာခံမှာ ဆုံးဖြတ်ချက် ချပိုင်ခွင့် မရှိဘဲ ခွဲခြားဆက်ဆံခံရတယ်လို့ ယူဆတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ တန်းတူမှု မရှိဘူးလို့ သူတို့က ဆိုပါတယ်။

ဒါက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို မစခင်က ဆုံးနှင့်စေခဲ့တဲ့ ပထမအချက် ဖြစ်ပါတယ်။

ဒုတိယ အချက်က ညီလာခံတက်သူ အစုအဖွဲ့များရဲ့ ဆုံးဖြတ်ပိုင်ခွင့် ဖြစ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစိုးရအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (NCA လက်မှတ် ရေးထိုးထားသော အဖွဲ့ရှစ်ဖွဲ့မှ) ကိုယ်စားလှယ် ၁၅၀ ဦး၊ တရားဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ဦး၊ အခြားပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ ဦး တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် အပိုဒ်ခွဲ ၆-၂အရ “ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံရေး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်တွေ အပါအ၀င် အရေးကြီး ကိစ္စရပ်တွေ” ကို ညီလာခံတက်လာသူ အစုအဖွဲ့ တစ်ဖွဲ့ချင်းစီက အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲရရှိပြီး တက်ရောက်သူ စုစုပေါင်းရဲ့ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲရမှ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

အပိုဒ်ခွဲ ၆-၂ ပါ အချက်တွေကလွဲပြီး ကျန်တဲ့ကိစ္စတွေကို ဆုံးဖြတ်တဲ့အခါ ညီလာခံတက်သူ အစုအဖွဲ့ တစ်ဖွဲ့ချင်းစီက အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထက် ထောက်ခံမဲရပြီး တက်ရောက်သူ စုစုပေါင်းရဲ့ အနည်းဆုံး ၆၅ ရာခိုင်နှုန်းအထက် ထောက်ခံမှ ဆုံးဖြတ်ခွင့် ရှိပါမယ်။

ဒါကြောင့် အပိုဒ်ခွဲ ၆-၂ အတွက် အကြမ်းဖျင်းတွက်ရင် ကိုယ်စားလှယ် ၇၀၀ မှာ ၅၂၅ ဦးအထက် ထောက်ခံမှ ဆုံးဖြတ်လို့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်မတော် ကိုယ်စားလှယ် ၁၅၀ ဦးက အစုအဖွဲ့တစ်ခု ဖြစ်တာကြောင့် တပ်မတော် သဘောမတူရင် ဘာမှလုပ်လို့ မရဘူးဆိုတဲ့ အနေအထားပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ယူပြီးလို့ အစိုးရ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး စုစုပေါင်း ၁၅၀ ဦးက NLD နဲ့ တစ်သားတည်း ရှိခဲ့မယ် ဆိုရင်တောင် တပ်မတော်က သဘောမတူရင် ဆုံးဖြတ်ချက်ချလို့ မရပါဘူး။ နောက်ပြီး တရားဝင် နိုင်ငံရေးပါတီတွေဆီက ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ဦး၊ အခြား ပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ ဦး၊ စုစုပေါင်း ၂၅၀ ဦးဟာ NLD နဲ့ သဘောထား တစ်ခုတည်း ရှိလိမ့်မယ်လို့ ပြောဖို့ခက်ပါတယ်။

ဒီအတိုင်းပဲ ပုဒ်မခွဲ ၆-၂ မဟုတ်တဲ့ ကိစ္စတွေကို ဆုံးဖြတ်ချက် ချမယ်ဆိုရင်လည်း အကြမ်းဖျင်း ကိုယ်စားလှယ် ၇၀၀ မှာ ၄၅၅ ဦးအထက် ထောက်ခံမှ ရနိုင်မှာပါ။ ဒီမှာလည်း တပ်မတော်က သဘောမတူရင် လုပ်လို့မရပါဘူး။

အကယ်၍ NLD ဦးဆောင်တဲ့ အစိုးရတက်လာပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး NCA လက်မှတ်ထိုးမယ်၊ အားလုံးပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖြစ်ခဲ့မယ်ဆိုရင်တောင် အခုသတ်မှတ်ထားတဲ့ အချိုးကျစနစ်အရ တပ်မတော် သဘောမတူရင် ဘာမှဆုံးဖြတ်လို့ မရပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ခက်ခဲသလိုပါပဲ။

ဒါက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို မစခင်မှာ ဆုံးနှင့်စေခဲ့တဲ့ ဒုတိယအချက် ဖြစ်ပါတယ်။

■ NLD သဘောထား ဘယ်လိုရှိလဲ

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ (ဇန်န၀ါရီ ၁၀ ရက် ညနေပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ ဖွင့်ပွဲနေ့မှာ အချိန် ၁၀ မိနစ်ခန့် နှုတ်ခွန်းဆက် စကား ပြောမယ်လို့ ဆိုပါတယ်)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ရက်တိုတိုပဲလုပ်ဖို့ NLD ဘက် သဘောထား ပေးခဲ့ပါတယ်။

လက်ရှိ အစိုးရပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်န၀ါရီ ၁၂ ရက်ကနေ ၂၂ ရက်ထိ ၁၀ ရက်ကြာ လုပ်လိုပါတယ်။ ဒါပေမဲ့ NLD ဘက်က ရက်လျှော့ခိုင်းတဲ့အတွက် ၁၆ ရက်အထိပဲ ငါးရက်ကြာ လုပ်မယ်လို့ ကြားချပါတယ်။ NLD ရဲ့ သဘောထားအမှန်က သုံးရက်ပဲ လုပ်စေချင်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ လက်ရှိအစိုးရက ငါးရက်ကြားချပြီး ဒီလိုရက်လျှော့ခဲ့ရတာကို “... လက်တွေ့မှာ အစိုးရက ဆောင်ရွက်လိုသော်လည်း အခြား stakeholder များရဲ့မေတ္တာရပ်ခံချက်အရ ကျင်းပမယ့်ရက် လျော့ဆောင်ရွက်ရဖို့ ဖြစ်လာတယ်” ဆိုပြီး MPC ရဲ့ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဇန်န၀ါရီ ၇ ရက်က ရေးခဲ့ပါတယ်။

ဒီမတိုင်ခင် ဒီဇင်ဘာ ၂၃ ရက် မှာ MPC ကို ဦးဆောင်သူ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ MPC အကြီးတန်း အဖွဲ့ဝင်တွေ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ခဲ့ပါသေးတယ်။

တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အသေးစိတ် သတင်းထုတ်ပြန်ကြတာ မရှိပေမယ့် လက်ရှိငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုင်ရာတွေ ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ MPC ကို ဖျက်ဖို့ မရှိဘူးလို့ NLD ဘက်က ပြောခဲ့တာ ရှိပါတယ်။ အဖွဲ့ဆက်ရှိပြီး လူပြောင်းမလား၊ အဖွဲ့ရော လူတွေပါ ဆက်ရှိနေမလားဆိုတာ သေချာမသိရပါဘူး။

ဒီနောက်ပိုင်းမှာမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် မတက်ဘူးဆိုတဲ့ မှတ်ချက်ထွက်လာတာပါ။

တစ်ဖက်မှာတော့ MPC ရဲ့အကြီးတန်း အကြံပေး ဦးလှမောင်ရွှေကို NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်အောက်မှာ တွဲလုပ်ပြီး ငြိမ်းချမ်းရေး ဆက်လုပ်ဖို့ ကမ်းလှမ်းတာကို ဦးလှမောင်ရွှေက ငြင်းဆိုခဲ့တယ်၊ MPC အဖွဲ့ဝင်အားလုံး ပြန်သုံးမှ အားလုံး ပြန်လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဒီအတိုင်းပဲ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ဆွေးနွေးမှုမှာ အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်၊ ဒီအငြင်းပွားမှုတွေထဲမှာ အစိုးရဘက်က ငါးပွင့်ဆိုင် (တပ်မတော်၊ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီ) လိုချင်ပြီး တိုင်းရင်းသားတွေဘက်က သုံးပွင့်ဆိုင် (တပ်မတော်+ အစိုးရ+ လွှတ်တော်= တစ်စု၊ တိုင်းရင်းသား လက်နက်ကိုင်တစ်စု၊ နိုင်ငံရေးပါတီတစ်စု) တောင်းဆိုတဲ့ ကိစ္စက အဓိက ဖြစ်ခဲ့ပါတယ်။

ဒီအချိန်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းကြောင့် အငြင်းပွားမှု အဆင်ပြေသွားတယ်၊ အစုအဖွဲ့ ငါးစုထားဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါကို NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကြောင့် ပြေလည်ခဲ့တယ်ဆိုပြီး သတင်းလွှင့်ခဲ့တဲ့အတွက် NLD က ကျေနပ်မှု မရှိဘူးဆိုတဲ့ သတင်းထွက်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကိုယ်စားလှယ် ခွဲဝေမှုအပိုင်းမှာ တပ်မတော် ကိုယ်စားလှယ် ၁၅၀ ပါဝင်ဖို့ ဦးဥာဏ်ဝင်းရဲ့ ညှိနှိုင်းပေးမှုနဲ့ ဖြစ်လာခဲ့ပြီး ဒါကို တိုင်းရင်းသားတွေက မကျေနပ်ကြဘူးဆိုတဲ့ သတင်းထုတ်လွှင့်မှု ရှိခဲ့ပါတယ်။ ဒါကလည်း NLD နဲ့ တိုင်းရင်းသားတွေအကြား သွေးခွဲမှု ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မတက်ဖို့ ဆုံးဖြတ်ခဲ့သလို နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေနဲ့ NCA သဘောတူညီချက်တွေကို ပြန်ပြင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောကြသူတွေလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဇန်န၀ါရီ ၁၂ ရက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု နောက်ဆုံးမီးစာ ဖြစ်ပါတယ်။ ဒါကို အစွမ်းကုန်လင်းစေဖို့ MPC က အားသွန်ထားပါတယ်။

NLD အတွက်လည်း “တိုင်းရင်းသား အရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး” ဟာ ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ ဦးစားပေးအချက် ဖြစ်နေပါတယ်။


■ MPC အရွေ့နှင့် လက်ရှိအခြေအနေ

သမ္မတ ဦးသိန်းစိန် မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးပန်းတိုင် မရောက်ခဲ့တာ MPC မှာ တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ပဋိပက္ခဟာ ကိုလံဘီယာနဲ့ မတူသလို အာဖဂန်နစ္စတန်က အတွေ့အကြုံတွေလည်း အသုံးဝင်မှာ မဟုတ်ပါဘူး။

အခုချိန်မှာတင် MPC ကြောင့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နိုင်ငံရေး လမ်းမှားရောက်ခဲ့ရတာ ရှိပါတယ်။ အစိုးရအနေနဲ့ဆိုရင် သူတို့လိုလားတဲ့ ငြိမ်းချမ်းရေးပန်းတိုင် မရောက်ခဲ့ပါဘူး။ တပ်မတော်ကတော့ စစ်စရိတ် ပိုကုန်ခဲ့ရသလို စစ်သည်များစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီအတိုင်းပဲ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်မှာလည်း ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

ဒီလိုတွေ ဖြစ်ခဲ့ပေမယ့် MPC ရဲ့ ဦးဆောင်သူဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသား ညီအစ်ကို အချင်းချင်း တိုက်ခိုက်ကြတာ ဖြစ်တဲ့အတွက် သူရဘွဲ့၊ သီဟသူရဘွဲ့တွေ ပေးဖို့မလိုဘူးလို့ ၂၀၁၄ ခုနှစ်တုန်းက ပြောခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ပြောဆိုမှုအတွက် ပြန်တောင်းပန်ခဲ့ပါတယ်။

နောက်ပြီး လောက်ကိုင်ဒေသ၊ ကိုးကန့်ဒေသ တိုက်ပွဲဖြစ်စဉ်တွေဟာ ပြန်သုံးသပ်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။

MPC ဟာ အမေရိကန်ကို အသုံးချပြီး တရုတ်ကို စိုးရိမ်စိတ်ဖြစ်စေတဲ့ နိုင်ငံရေးလမ်းစဉ်ကို တွန်းအားပေးခဲ့ပါတယ်။ အကျိုးဆက်က ကိုးကန့်စစ်ပွဲ ဖြစ်ခဲ့ပြီး နိုင်ငံတွင်း စစ်စရိတ် ထောင်းခြင်းနဲ့ ငွေဖောင်းပွမှုသာ အဖတ်တင်ခဲ့ပါတယ်။ ဒီအတွက် တပ်မတော်က အသုံးချခံ ဖြစ်ခဲ့ရပါတယ်။

နောက်ပြီး NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်မထိုးနိုင်ခဲ့တာ တရုတ်ကြောင့် ဖြစ်တယ်ဆိုတဲ့ အယူအဆကို MPC က သွတ်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာက ဖော်ပြခဲ့တဲ့ ရိုက်တာသတင်းတစ်ရပ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ NCA လက်မှတ်ထိုးရေး ကိစ္စမှာ တရုတ်က ၀င်ရောက်စွက်ဖက်တယ်ဆိုတဲ့ ပြောဆိုမှုကို MPC ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းအကောင်အထည်ဖော်ရေးဋ္ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြောဆိုမှုအတွက် တရုတ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ချိန်မှာ သူဒီလို မပြောခဲ့ဘူးလို့ ဒေါက်တာ မင်းဇော်ဦးက ပြန်ရှင်းပါတယ်။

ဒါပေမဲ့ MPC ဟာ အမေရိကန် သံတမန်တွေနဲ့ လုံးထွေးတဲ့ ဆက်ဆံရေးရှိသလို တရုတ်နဲ့လည်း ချိတ်ဆက်မှုတွေ ရှိတယ်လို့ ပြောကြသူတွေ ရှိပါတယ်။ ဒီထဲမှာ ဦးညိုအုန်းမြင့်နဲ့ ဒေါက်တာကျော်ရင်လှိုင်တို့က MPC နဲ့ တရုတ်အကြား ပေါင်းကူးတဲ့ ချိတ်ဆက်တွေလို့ ဆိုပါတယ်။ မကြာသေးခင်ကပဲ အကြီးတန်း အရာရှိတစ်ဦးဖြစ်တဲ့ ဦးညိုအုန်းမြင့် တရုတ်ကို သွားခဲ့ပါတယ်။ သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်နဲ့ လက်ရှိ ထိပ်တိုက်တွေ့နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ တရုတ်နဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်နွှယ်နေကြသူတွေပဲ ဖြစ်ပါတယ်။ ဒီဆက်နွှယ်မှုတွေကို ခြေကုပ်ယူပြီး အခြေအနေတွေ တင်းမာအောင် လုပ်ဆောင်သူတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်တာကာလမှာ လုပ်ခဲ့သလို အခုထိလည်း လုပ်နေတုန်းပါပဲ။

တိုင်းရင်းသား လက်နက်ကိုင်တွေ အပိုင်းမှာတော့ သဘောထားကွဲမှုတွေ ပိုဖြစ်ခဲ့သလို စုစည်းမှုလည်း ပြိုကွဲနေပါတယ်။ ဒီအတွက် MPC က ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ သိပါတယ်။

အခုလည်း NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ထဲမှာ သဘောထားနှစ်ခု ထိပ်တိုက်တွေ့နေပါတယ်။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင်ပိုင်း နှစ်ခြမ်းကွဲတယ်ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။


■ RCSS ရဲ့ လှုပ်ရှားမှု ဘယ်ကို ဦးတည်နေသလဲ

ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA) က NCA လက်မှတ်ထိုးပြီးချိန်မှာပဲ ရှမ်းပြည်နယ် တစ်ခုလုံးကို ဖြန့်ကျက်ဖို့ ခြေလှမ်းပြင်လာပါတယ်။ ဒီအခါ ရှမ်းပြည်နယ်ထဲမှာ လှုပ်ရှားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) တို့နဲ့ ပြဿ နာဖြစ်လာပါတယ်။

SSPP/SSA ရဲ့နောက်မှာ UWSA နဲ့ KIA ရှိပါတယ်။ အထူးသဖြင့် SSPP ကိုထိရင် UWSA က ထွက်လာပါတယ်။ စစ်ရေးအရ အကူအညီပေးခဲ့တဲ့ သာဓကတွေလည်း ရှိပါတယ်။ ဒီနည်းနဲ့ NCA လက်မှတ်မထိုးထားတဲ့ UWSA ကို အစဆွဲထုတ်ဖို့ SSPP ကို ရန်စတယ်ဆိုတဲ့ ထင်မြင်ချက် ဖြစ်ခဲ့ပါတယ်။ TNLA နောက်မှာတော့ KIA ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက TNLA မှာ အင်အား ၂၀ လောက်ပဲ ရှိပါတယ်။ အခု ၄၀၀၀ နီးပါး ဖြစ်လာပါတယ်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ MPC က TNLA ကို စည်းရုံးဖို့ ကြိုးစားပါသေးတယ်။ ပြေလည်မှု မရတဲ့နောက်ပိုင်း TNLA ထိန်းချုပ်နယ်တွေမှာ တိုက်ပွဲပိုပြင်းထန်ခဲ့ပါတယ်။

ရှမ်းပြည်နယ်အတွင်း RCSS ရဲ့ ဖြန့်ကြက်မှုဟာ NCA လက်မှတ်ထိုးပြီးနောက်ပိုင်း အရှိန်မြင့်လာခဲ့သလို SSPP၊ TNLA တို့နဲ့ပါ စစ်ရေးထိတွေ့မှု ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း RCSS ဟာ UWSA နဲ့ သင့်မြတ်မှု မရှိပါဘူး။

KIA နဲ့ UWSA နောက်မှာ တရုတ်ရှိတယ်ဆိုရင် RCSS နောက်မှာ EU နဲ့ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်၊ ဆွစ်ဇာလန်တို့က ငွေကြေးထောက်ပံ့တဲ့ EBO (The Euro-Burma Office) ဦးဆောင်သူ ဦးဟန်ညောင်ဝေ ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပါတယ်။ ဒီအတိုင်းပဲ RCSS ဟာ KNU လို MPC နဲ့ သဘောထားတူတဲ့အဖွဲ့ ဖြစ်ပါတယ်။

စစ်ရေး အကဲခတ်တွေရဲ့ ပြောဆိုချက်တွေအရ RCSS ဟာ KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုးကောင်း-မိုးညှင်း မြေပြန့်ဒေသကိုပါ ဖြန့်ကြက်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီပြောဆိုချက်တွေ ဘယ်လောက် မှန်တယ်ဆိုတာ မသိရပေမယ့် KIA ကို မုန်းတီးတဲ့ ရှမ်းနီတိုင်းရင်းသားတွေရဲ့ နာမည်ကို သုံးထားတဲ့ ရှမ်းနီ အမျိုးသား တပ်မတော် (SNA) ဆိုတာ အသစ်ပေါ်လာခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာ SNA စတင်လှုပ်ရှားနေပြီလို့ ဆိုပါတယ်။ SNA ကို ဘယ်သူ ဦးဆောင်တယ်ဆိုတာ မသိရပါဘူး။

ဒါပေမဲ့ RCSS နဲ့ SNA အတူတူပဲလို့ ဆိုကြသလို SNA ရဲ့ရည်မှန်းချက်က KIA ထိန်းချုပ်နယ်မှာရှိတဲ့ ရှမ်းနယ်မြေတွေကို စိုးမိုးဖို့ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါဟာ KIA နဲ့ ထိပ်တိုက်တွေ့မယ့် ပုံစံမျိုးပါ။

ဒီလိုမဟုတ်ဘဲ တပ်မတော်နဲ့ ထိတွေ့ခဲ့တယ်ဆိုရင် နောက်ထပ် စစ်မျက်နှာစာသစ်တစ်ခု ထပ်ပေါ်လာဖို့ ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ KIA အဖွဲ့အတွင်းမှာ သဘောထားကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့လေးနှစ်တာ ငြိမ်းချမ်းရေး ကြိုးပမ်းမှု မျက်နှာစာမှာ ထင်ရှားခဲ့တဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို စစ်ဘက်တာဝန်တွေ၊ နိုင်ငံခြား ဆက်ဆံရေး တာဝန်တွေကနေ လျှော့ချခဲ့ပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်ကို တာဝန်တွေ လျှော့ချပြီး နောက်ထပ် ဒုတိယစစ်ဦးစီးချုပ် အသစ်နှစ်ဦးကို ဒီဇင်ဘာနောက်ဆုံးပတ်မှာ KIA က ခန့်အပ်လိုက်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်မှာ RCSS နဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ ပထမဆုံး ထိတွေ့မှု ဖြစ်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပြီးလို့ မကြာခင် ဇန်န၀ါရီ ၉ ရက်မှာတော့ တပ်မတော်၊ RCSS နဲ့ NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PLNO) တို့အကြား ခြေလှမ်းတစ်ရပ်အဖြစ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ-ရှမ်းပြည်နယ် (JMC -S) ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒါက နှစ်ဖက်ထိတွေ့မှု မဖြစ်အောင် ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဒီလိုမဖွဲ့ခင် ဇန်န၀ါရီ ၈ ရက်မှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) လုပ်ငန်းစဉ်တွေအတွက် သုံးနှစ်စာ အမေရိကန်ဒေါ်လာ၂၁သန်း ကုန်ကျမယ်လို့ JMC-U က ထုတ်ပြောပါတယ်။ ဒီအတွက် ပြည်ပအလှူ ရှင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ အခုလက်ရှိ JMC-U လုပ်ငန်းစဉ်တွေအတွက် ကုန်ကျစရိတ်ကို MPC နဲ့ တပ်မတော် အစီအစဉ်နဲ့ ဆောင်ရွက်နေတာပါ။ သုံးနှစ်စာအတွက် အမေရိကန်ဒေါ်လာ ၂၁ သန်း ကုန်မယ်ဆိုတဲ့ တွက်ချက်မှုကို ဘယ်သူက တွက်ပေးခဲ့သလဲ မသိပါဘူး။

ဒါပေမဲ့ JMC-U တစ်ခုတည်းရဲ့ လုပ်ငန်းစဉ် သုံးနှစ်စာအတွက် တွက်ချက်ပေးခဲ့တဲ့ ငွေပမာဏကိုကြည့်ရင် ပြီးခဲ့တဲ့လေးနှစ်အတွင်း ငြိမ်းချမ်းရေးအတွက် သုံးခဲ့တဲ့ ငွေပမာဏကို မှန်းလို့ရပါတယ်။ နည်းမှာမဟုတ်ပါဘူး။ ဒီအတွက် MPC ကို အဓိက ငွေကြေးကျောထောက်နောက်ခံ ပေးထားတဲ့ ဥရောပသမဂ္ဂ (EU) ကို အီးမေးလ်နဲ့ မေးမြန်းထားပါတယ်။ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။ EU ရဲ့ တရားဝင် ၀က်ဘ်ဆိုက်မှာတော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ၂၀၁၃ ခုနှစ် မှာ ယူရို ၂၅ သန်း အကူအညီပေးဖို့ ကတိပြုထားတယ် ဆိုတဲ့အချက် ဖော်ပြထားပါတယ်။

နိုင်ငံတကာ ငွေကြေးထောက်ပံ့မှုတွေ ဘယ်လောက်ပဲ ရှိခဲ့၊ ရှိခဲ့ ငွေကြေးနဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတာ ပြီးခဲ့တဲ့လေးနှစ်မှာ သက်သေပြခဲ့ပါပြီ။
နိုင်ငံရေး မပြေလည်မှုဟာ ငြိမ်းချမ်းရေး မရခြင်းရဲ့ နောက်ကွယ်က အကြောင်းတစ်ခု ဖြစ်သလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အထိမခံဘဲလုပ်တဲ့ ငြိမ်းချမ်းရေး အောင်မြင်မှု မရခဲ့ပါဘူး။

■ သယံဇာတ၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေး

နိုင်ငံရေး မပြေလည်ရင် ငြိမ်းချမ်းရေး မရဘူးဆိုတာ အကြောင်းချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ် ပဋိပက္ခဟာ သယံဇာတ၊ စီးပွားရေး အကျိုးအမြတ် ခွဲဝေမှုတွေနဲ့လည်း အဓိက သက်ဆိုင်နေပါတယ်။

ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ပြီး တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရေး စတာတွေဟာ နိုင်ငံရေးဆိုင်ရာ ကိစ္စတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ သယံဇာတနဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကြောင့် ပါဝင်ပါတယ်။

ဒါတွေကို ပြေလည်အောင် မလုပ်ပေးနိုင်သရွေ့ နိုင်ငံရေးအရ အဖြေရှာခြင်းဆိုတာ စကားလုံးအရာပဲ ဖြစ်ပါမယ်။

အခုဖြစ်နေတဲ့ အခြေအနေတွေ ပြန်ကြည့်ရင်လည်း သယံဇာတ၊ စီးပွားရေးဆိုင်ရာ စီမံကိန်းတွေကို အကြောင်းပြုပြီး တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။

၁၇ နှစ်တာ အပစ်ရပ်ရေး စတင်ပျက်ပြယ်ခဲ့တဲ့ KIA နဲ့ တပ်မတော်အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ တာပိန်မြစ်ပေါ်မှာရှိတဲ့ ဆန်းဂန်း ရေအားလျှပ် စစ်စီမံကိန်း၊ မြစ်ဆုံဆည် စီမံကိန်း၊ တနိုင်းမြို့နယ်ထဲမှာရှိတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ၊ ချီဖွေဆည်ကိစ္စ၊ ပူတာအိုမှာရှိတဲ့ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ဖားကန့် ကျောက်စိမ်းတွင်းများ၊ ဧရာဝတီမြစ်ကြောင်းမှာ ရှိနေတဲ့ ရွှေတွင်းဆိုင်ရာ ကိစ္စတွေနဲ့ ဆက်နွှယ်ပါတယ်။

ကရင်ပြည်နယ်မှာလည်း ၀ဲကြီးဆည်၊ ဟတ်ကြီးဆည်၊ ဒါးကွင်းဆည်နဲ့ လမ်းဖောက်လုပ်ရေး ကိစ္စတွေကြောင့် KNU နဲ့တပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်ခဲ့သလို DKBA နဲ့လည်း ထိတွေ့မှုတွေ ဖြစ်ပါတယ်။ DKBA နဲ့ ထိတွေ့မှုတွေမှာ မြ၀တီ အထူးစီးပွားရေးဇုန် မြေယာကိစ္စ အငြင်းပွားမှု ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။ တပ်မတော်နဲ့ မဟုတ်ဘဲ ကရင်တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်ခဲ့တဲ့ ထိတွေ့မှုတွေလည်း ဒါတွေနဲ့ ဆက်စပ်ပါတယ်။

ကယားပြည်နယ်မှာရှိတဲ့ ရွာသစ်ဆည်၊ လောပီတ ရေအားလျှပ်စစ် စီမံကိန်း၊ မော်ချီး ခဲသတ္တုမိုင်း ကိစ္စတွေကြောင့် ကရင်နီ တိုးတက်ရေးပါတီ (KNPP) နဲ့ မပြေလည်မှုတွေ ဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်ထဲမှာ တာဆန်းဆည်၊ မိုင်းရှူး ပတ္တမြားတွင်း၊ အခြားသစ်ထုတ်လုပ်ရေး ဒေသတွေနဲ့ ပတ်သက်ပြီး RCSS နဲ့ ထိတွေ့မှုတွေ ဖြစ်ပါတယ်။ ရွှေလီဆည်၊ တာဆန်းဆည်၊ ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မိုင်းရှူး ပတ္တမြားတွင်းနဲ့ ပတ်သက်ပြီး SSPP နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့သလို ရွှေလီဆည်၊ ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကိစ္စတွေကြောင့် TNLA နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

စီမံကိန်း ဧရိယာများအတွင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေဟာ အကျိုးအမြတ် ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်နေသလို တပ်မတော်နဲ့သာမကဘဲ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြားမှာပါ ဖြစ်နေတာပါ။ ဒီကြားထဲမှာ ပြည်သူတွေပဲ မြေစာပင် ဖြစ်နေရတာပါ။

ဒီလိုဖြစ်နေတဲ့ တစ်ချိန်တည်းမှာပဲ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးရင်း စီးပွားရေး လုပ်ပိုင်ခွင့်တွေရပြီး အကျိုးအမြတ် ရသွားသူတွေလည်း ရှိနေပါတယ်။ ဒီထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ သူတို့နဲ့ ပတ်သက်နေတဲ့ ဒေသဆိုင်ရာ ခရိုနီ လုပ်ငန်းရှင်တွေ၊ မူးယစ်ရာဇာတွေ ပါဝင်ပတ်သက်နေသလို လက်ရှိအစိုးရနဲ့ ဆက်နွှယ်နေတဲ့ ခရိုနီ လုပ်ငန်းရှင်ကြီး တချို့လည်း ပါဝင်ပါတယ်။

သယံဇာတနဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ တန်းတူညီမျှမှုရှိပြီး တိကျတဲ့ စည်းမျဉ်းတွေ ပြဋ္ဌာန်းထားခြင်း မရှိတာ၊ တရားဥပဒေစိုးမိုးမှု မရှိတာတွေကြောင့် ပြည်တွင်းစစ်ကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်၊ ခေါင်းပုံဖြတ်ခဲ့သူတွေ ရှိပါတယ်။ သူတို့ကြောင့်ပဲ သစ်တောတွေ ပြုန်းတီးခဲ့ရသလို တရားမ၀င် ကုန်သွယ်မှုတွေကြောင့် သယံဇာတ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီအပိုင်းမှာ အစိုးရတင်မကဘဲ ငြိမ်းချမ်းရေး ပွဲစားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ မူးယစ်ရာဇာတွေ၊ ဒေသဆိုင်ရာ ခရိုနီ လုပ်ငန်းရှင်ငယ်တွေနဲ့ ခရိုနီ လုပ်ငန်းရှင်ကြီးတွေအားလုံး ပါဝင်ပတ်သက်နေပါတယ်။

■ ဆက်နွှယ်မှု စက်ဝန်း

မြန်မာ့သယံဇာတ အပိုင်းကိုပြောရင် သဘာဝဓာတ်ငွေ့အပြင် ရွှေ၊ ပလက်တီနမ်၊ ငွေ အပါအ၀င် အဖိုးတန် သတ္တုသိုက်တွေ၊ သံဖြူ၊ ခနောက်စိမ်း၊ သွပ်၊ ကြေးနီ၊ ခဲ၊ တန်စတင်၊ Rare Earth အပါအ၀င် စက်မှုလုပ်ငန်းဆိုင်ရာ သတ္တုတွေ၊ ကျောက်စိမ်း၊ နီလာ၊ ပတ္တမြား၊ ဥဿဖရား၊ ပုလဲစတဲ့ အဖိုးတန် ကျောက်မျက်တွေ၊ ကျွန်းသစ်နဲ့ သစ်မာအပါအ၀င် သစ်တောထွက် ပစ္စည်းတွေအားလုံး ပါဝင်ပါတယ်။

ဒါတွေကို သက်ဆိုင်ရာ ဒေသအလိုက် ပြည်သူတွေအတွက် ပြည်သူတွေ ခံစားခွင့် မရခဲ့ပါဘူး။

နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI) နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Myanmar Peace Monitor) က ၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ “ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲဆိုင်ရာ မြန်မာ့စီးပွားရေး အခြေအနေ” အစီရင်ခံစာမှာ စီးပွားရေးကို ချုပ်ကိုင်ထားသူတွေအကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီထဲမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်ကုမ္ပဏီ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ ခရိုနီ လုပ်ငန်းရှင်ကြီး ၁၇ ဦးကို ဖော်ပြခဲ့ပါတယ်။ အဲဒီသူတွေထဲမှာ ဦးတေဇ၊ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော်၊ ဦးပြည်အောင်နှင့် ဦးနေအောင်၊ ဦးအောင်သက်မန်း၊ မိုက်ကယ်မိုးမြင့်၊ ဦးနေ၀င်းထွန်း၊ ဦးခင်ရွှေ၊ ဦးဋ္ဌေးမြင့်၊ ဦးအိုက်ထွန်း၊ ဦးချစ်ခိုင်၊ ဦးအောင်ကိုဝင်း၊ ဆာ့ခ်ျပန်း၊ ဦးကျော်ဝင်း၊ ဦးဝင်းအောင်၊ ဦးအောင်မြတ် နဲ့ ဦးတင်ဝင်းတို့ ပါဝင်ခဲ့ပါတယ်။

ဒီအတိုင်းပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းများနဲ့ ကုမ္ပဏီတွေကိုလည်း ဖော်ပြခဲ့ပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) မှာ ခိုနှုန်းထုန် ကုမ္ပဏီဆိုတာရှိပြီး ဆောက်လုပ်ရေး၊ သစ်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေ လုပ်နေတယ်။ DKBA မှာ ကုမ္ပဏီ မရှိပေမယ့် ရာဘာစိုက်ခင်း၊ သစ်မွှေးစိုက်ပျိုးရေး၊ သတ္တုထုတ်လုပ်ရေးနဲ့ ကျွန်းသစ်ထုတ်လုပ်ရေးတွေ လုပ်နေတယ်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကလည်း ကုမ္ပဏီ မှတ်ပုံတင်ထားတာမရှိဘူး။ ဒါပေမဲ့ သတ္တုတွင်းလုပ်ငန်း၊ စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတွေ၊ ကုန်သွယ်ရေးနဲ့ လူသုံးကုန် ထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

KIO က ၁၉၉၄ ခုနှစ်မှာ ဘူးဂါးကုမ္ပဏီကို မှတ်ပုံတင်ထားပြီး လျှပ်စစ်ဖြန့်ဖြူးရေး၊ ကျောက်စိမ်း တူးဖော်ရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီး ကုန်သွယ်မှု ရပ်ဆိုင်းသွားပေမယ့် အခုထိ လုပ်နေတာတွေ ရှိပါတယ်။

ကယားဌာနေ ကုမ္ပဏီနဲ့ တမောထာ ကုမ္ပဏီတွေကို KNPP ပိုင်ဆိုင်ထားပြီး ကယားဌာနေ ကုမ္ပဏီက ခဲထုတ်လုပ်ရေးလုပ်ငန်း လုပ်ပါတယ်။ တမောထာ ကုမ္ပဏီက သွင်းကုန်ထုတ်ကုန် ဆောင်ရွက်ဖို့ ပြင်ဆင်ထားပြီး ကျွန်းသစ်ကို ဦးစားပေး လုပ်မယ်လို့ ၂၀၁၃ ခုနှစ် မှတ်တမ်းတွေအရ သိရပါတယ်။

KNU မှာ မိုးကိုစံ ခရီးသွားနှင့် ပို့ဆောင်ရေး၊ ကုန်သွယ်ရေး ကုမ္ပဏီအပြင် မှတ်ပုံတင်မထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိပါတယ်။ အဲဒီလုပ်ငန်းတွေကတစ်ဆင့် သစ်ထုတ်လုပ်ရေး၊ သတ္တုတွင်းနဲ့ စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ပါတယ်။ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီလည်း မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ မရှိပါဘူး။ ဒါပေမဲ့ ရာဘာစိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ကျွန်းသစ်ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းတွေ လုပ်ခွင့်ရဖို့ ၂၀၁၃ ခုနှစ်မှာ တောင်းဆိုထားပါတယ်။

၁၉၈၉ ခုနှစ်မှာ မှတ်ပုံတင်ထားတဲ့ ရွှေလင်းစတား ကုမ္ပဏီက မိုင်းလားအဖွဲ့ (ND AA) ပိုင်ဖြစ်ပြီး သတ္တုတွင်း၊ စီးပွားဖြစ် စိုက်ပျိုးရေး၊ သစ်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ကာဆီနို လုပ်ငန်းတွေ လုပ်နေပါတယ်။

၁၉၉၅ ခုနှစ်မှာ မှတ်ပုံတင်ထားတဲ့ ရာမည အင်တာနေရှင်နယ် ကုမ္ပဏီ၊ ဟံသာဝတီ ကုမ္ပဏီနဲ့ ၂၀၁၂ ခုနှစ်မှာ မှတ်ပုံတင်ခဲ့တဲ့ ရာမညယူနိုက်တက်တို့ဟာ မွန်ပြည်သစ်ပါတီ (NMSP) က ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းတွေဖြစ်ပြီး ဆောက်လုပ်ရေး၊ စီးပွားဖြစ် စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနဲ့ သစ်ထုတ်လုပ်ရေးကို လုပ်ပါတယ်။

PNLO အဖွဲ့အနေနဲ့ သစ်ထုတ်လုပ်ရေး၊ သတ္တုတွင်း၊ ကုန်သွယ်ရေး၊ ဘိလပ်မြေ ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနဲ့ ဟိုတယ်လုပ်ငန်း၊ ပွဲရုံလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ၂၀၁၃ ခုနှစ်မှာ ခွင့်ပြုချက် ရထားပါတယ်။

၂၀၁၂ ခုနှစ်မှာပဲ မှတ်ပုံတင်ခဲ့တဲ့ ရှမ်းတောင်တန်းချယ်ရီဟာ RCSS ရဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး သတ္တုတွင်း၊ လမ်းဖောက်လုပ်ရေး၊ သစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ဖြန့်ဖြူးရေး၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ခွင့်ပြုချက် ရထားပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ စက်မှုဇုန် ထူထောင်ဖို့အထိ သူတို့မျှော်မှန်းထားပါတယ်။

ှSSPP မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ မရှိပါဘူး။ ဒါပေမဲ့ ၁၉၈၉ ခုနှစ် အပစ်အခတ် ရပ်စဲပြီးချိန်ကစပြီး ခေါင်းဆောင်ပိုင်းမှာ ပတ္တမြားတွင်းတွေနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“၀” အဖွဲ့ UWSA မှာ သော်တာဝင်း ကုမ္ပဏီ ရှိပါတယ်။ ၂၀၁၂ ခုနှစ်မှာ မှတ်ပုံတင်ခဲ့တာဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ မှတ်ပုံတင်ထားတဲ့ ဟုန်ပန်းကုမ္ပဏီကို အမည်ပြောင်းထားတာပါ။ တက်ခမ်း ကုမ္ပဏီ၊ မြန်မာတကောင်း ကုမ္ပဏီနဲ့ မိုင်းမော ကုမ္ပဏီတွေကိုလည်း UWSA က ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ သူတို့ကတော့ ကဏ္ဍပေါင်းစုံ စီးပွားရေး လုပ်ငန်းတွေ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ကျောက်မျက်၊ သတ္တု တွင်း၊ သစ်ထုတ်လုပ်ရေး၊ ရေနံ၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး၊ ဘဏ်၊ အရက်ချက်စက်ရုံ၊ လေကြောင်းလိုင်း၊ ဟိုတယ်နဲ့ ဘီယာချက်စက်ရုံတွေ လုပ်ကိုင်နေပါတယ်။

ဒါတွေက တရားဝင် ထွက်ပေါ်လာတဲ့ စီးပွားရေး လုပ်ငန်းတွေဖြစ်ပြီး န၀တအစိုးရလက်ထက် လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ထားတဲ့ အဖွဲ့တွေ၊ ပြည်သူ့စစ်အဖွဲ့တွေ ပိုင်ဆိုင်တဲ့လုပ်ငန်း၊ လုပ်ပိုင်ခွင့် များစွာလည်း ရှိနေပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေး အကျိုးဆောင်လို့ အမည်ပေးထားတဲ့ ငြိမ်းချမ်းရေး ပွဲစားတွေရဲ့ ကုမ္ပဏီတွေလည်း တိုင်းရင်းသားဒေသ အကျိုးအမြတ် ရယူမှုဆိုင်ရာတွေမှာ ပါဝင်ပတ်သက်နေပါတယ်။

အထူးသဖြင့် KNU နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ချိတ်ဆက်ပေးခဲ့တဲ့ ထားဝယ်မင်းသမီး ကုမ္ပဏီ၊ KIO နဲ့အစိုးရကြား ပေါင်းကူးပေးတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှာ ပါဝင်နေတဲ့ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်တွေ၊ အခု MPC မှာ ပါဝင်နေပြီး Myanmar Egress အဖွဲ့ဝင် လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်းတို့ရဲ့ အခန်းကဏ္ဍနဲ့ သူတို့ရဲ့ အကျိုးအမြတ် ရရှိမှုတွေအပေါ် အမြဲတမ်း မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

သူတို့အားလုံးကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကျိုးအမြတ်အတွက်မဟုတ်ဘဲ စေတနာကို အရင်းခံပြီး အကျိုးဆောင် ပေးနေတာလို့ ပြောကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတယ်လို့ ပြောနေကြပမယ့် အဲဒီကြိုးပမ်းနေသူတွေမှာတော့ အကျိုးစီးပွားဆိုင်ရာ ခံစားခွင့်တွေ ရှိနေပြီး သူတို့ကိုယ်စားပြုတဲ့ ဒေသခံပြည်သူတွေကတော့ ဒုက္ခတွေကို ခါးစည်းခံနေရတုန်းပါပဲ။

ပြီးခဲ့တဲ့ငါးနှစ်တာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းရင်းသား ဒေသတွေမှာ သယံဇာတ ပိုင်ဆိုင်မှုနဲ့ စီးပွားရေး စီမံခန့်ခွဲပိုင်ခွင့်တွေကို ဗဟိုအစိုးရကပဲ ချုပ်ကိုင်ပိုင်ခွင့် ရှိခဲ့ပါတယ်။

တစ်ဖက်မှာတော့ ပြည်တွင်းစစ်ကို ခုတုံးလုပ်ပြီး သယံဇာတ ထုတ်ယူမှုတွေနဲ့ ကိုယ်ကျိုးစီးပွား ရှာမှုတွေ ရှိခဲ့ပါတယ်။ သယံဇာတ ကုန်ဆုံးမှုတွေ ဖြစ်လာသလို မတရား ဖိနှိပ်ခံရမှု၊ စီးပွားရေး နာလံမထူမှု၊ ဘ၀ပျက်မှုတွေကို ဒေသခံ တိုင်းရင်းသား ပြည်သူတွေပဲ ခံစားခဲ့ရတာပါ။

ဒီကြားထဲမှာပဲ ငွေကြေးနဲ့ အခွင့်အရေးပေးပြီး ငြိမ်းချမ်းရေးယူဖို့ လုပ်ကြပါတယ်။ အောင်မြင်မှု မရဘဲ တိုင်းရင်းသား ပြည်သူတွေပဲ ထပ်နာခဲ့ပါတယ်။ ကြာလာတာနဲ့အမျှ ငြိမ်းချမ်းရေးလည်းမရ၊ တိုင်းပြည်လည်း မွဲပြာကျဆိုတဲ့ ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။

အခုလည်း ငြိမ်းချမ်းရေးအတွက် အဓိကရင်းမြစ် ပြဿနာတွေကို မဖြေရှင်းဘဲ အမျိုးသားညီလာခံပုံစံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ လုပ်မယ်ဆိုရင် ရုပ်ပြဖြစ်ရုံကလွဲပြီး စီးပွားရေး မပြေလည်မှု၊ နိုင်ငံရေး မပြေလည်မှုတွေကတစ်ဆင့် စစ်ပွဲတွေဆီကိုပဲ ဦးတည်နေမှာ ဖြစ်ပါတယ်။

NLD အနေနဲ့ကတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ကတိပေးခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေး ရလဒ်ထွက်အောင် လုပ်နိုင်ဖို့ဆိုရင် သမ္မတ ဦးသိန်းစိန်နဲ့ MPC တို့ရဲ့ နိုင်ငံရေးလမ်းစဉ် အမှားကို မလိုက်မိဖို့ပါပဲ။

ကိုးကား - ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲဆိုင်ရာ မြန်မာ့စီးပွားရေး အခြေအနေ အစီရင်ခံစာ-၂၀၁၃   

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template