Headlines News :
Home » » ချင်းစော်ဘွားတို့ စံမြန်းခဲ့ရာ ဟော်နန်း ချင်းစော်ဘွားတို့ နေထိုင်ခဲ့တဲ့ နေရာ

ချင်းစော်ဘွားတို့ စံမြန်းခဲ့ရာ ဟော်နန်း ချင်းစော်ဘွားတို့ နေထိုင်ခဲ့တဲ့ နေရာ

Written By Aye Minn on Tuesday, December 22, 2015 | 1:07 PM







ချင်းတောင်ရဲ့ အေးစိမ့်စိမ့် အရသာက နေထွက်လာသည် အထိ မပျယ်သေး။ ကျေးရွာကို သွားတဲ့ လမ်းက ကားစီး သွားရုံသာလောက်ပါ။ လမ်းမှာတော့ ချင်းတိုင်းရင်းသား အချို့ နေစာ လှုံနေတာကို တွေ့ရပါတယ်။ ကျေးရွာကြီးရဲ့ နာမည်က  ဆိုင်းဇန်တဲ့။ ချင်းတောင်ပေါ်က ရွာကြီးတစ်ရွာ။ ရွာအ၀င်မှာ ဆိုင်းဘုတ်လေး တစ်ခု ထောင်ထားပြီး ရွာထဲမှာတော့ တောင်တွေကို ကွေ့ပတ် ဖောက်ထားတဲ့ လမ်းလေးတွေက မညီမညာ။ ဒီရွာကြီးကို လာရတဲ့ အကြောင်းရင်းက တခြားကိစ္စပါ။ ချင်းစော်ဘွားကြီး တစ်ဦး စံမြန်းခဲ့တဲ့ ဟော်နန်းတစ်ခု ဆိုတာ ကျေးရွာ အုပ်ချုပ်ရေးမှူးက လိုက်ပြလို့ သိခဲ့ရတာပေါ့။ ချင်းတောင်ပေါ်ကို အမြဲရောက်ခဲ့ပေမယ့် ချင်းစော်ဘွားတွေ အကြောင်း တစ်စွန်းတစ်စ သိခဲ့ရပေမယ့် ချင်းစော်ဘွားတွေ ဘယ် လို နေထိုင်သွားကြတယ် ဆိုတာ ကျွန်တော်တို့ မသိခဲ့။ ချင်းစော်ဘွားတို့ နေထိုင်ခဲ့တဲ့ ဟော်နန်းဆိုတာ ဘယ်လိုပုံစံ ရှိတယ် ဆိုတာ အခုတော့ ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်တွေ့ရပြီလေ။
 ဆိုင်းဇန်ရွာကို စပြီး တည်ထောင်ခဲ့တာကိုက နှစ်ပေါင်း ၅၀၀ ၀န်းကျင်လောက် ရှိခဲ့ပြီ ဖြစ်ပြီး ဇိုမီးတို့ စတင် အခြေချ နေထိုင်ခဲ့ကြတဲ့ နေရာလို့လည်း သိရပါတယ်။ ဇိုမီး မျိုးနွယ်စုတွေဟာ ဆိုင်းဇန် ကျေးရွာလေးမှာ စတင် အခြေချခဲ့ကြပြီးတော့ တဖြည်းဖြည်းနဲ့ တခြား  မျိုးနွယ်စုတွေနဲ့ ပေါင်းပြီးတော့ တီးတိန်မြို့ ရှိတဲ့ အရပ်မှာ စတင် အခြေချခဲ့ကြတယ်လို့ သိရပါတယ်။ ချင်းစော်ဘွားတွေ အဆက်ဆက် ချင်းတောင်ပေါ်မှာ သူ့နယ် ကိုယ့်နယ် အပိုင်စားကြပြီးတော့ ကိုယ့်မျိုးနွယ်စုတွေကို အုပ်ချုပ်ကြရင်းနဲ့ ချင်းတောင်ပေါ်မှာ နေထိုင် လာခဲ့ကြပါတယ်။ အခု ကျွန်တော် ရောက်ခဲ့တဲ့ ချင်းစော်ဘွား အိမ်ကြီးမှာတော့ စော်ဘွားကြီးနဲ့ မြေးတစ်ယောက်က အိမ်ကြီး မှာ နေထိုင်ရင်း ဒီအိမ်ကြီးကို ဆက်လက် ထိန်းသိမ်းနေရင်း မူကြိုကျောင်းလေး ဖွင့်ထားခဲ့ပါတယ်။
" ချင်းစော်ဘွားကြီးရဲ့ အိမ်ရှိတယ်။ မူကြိုကျောင်းလေး ဖွင့်ထားတယ်" ဆိုပြီး ဆိုင်ကယ်လေး ရပ်ကာ ဆင်းကြည့်ပါတယ်။ ရှေ့မှာ သစ်သားပြားကြီးတွေနဲ့ ခင်းထားတဲ့ နေရာလေးတစ်ခု ရှိတယ်။ စော်ဘွားကြီးရဲ့ အိမ်ကို မူကြိုကျောင်းလေး ဖွင့်ထားတော့ အိမ်ရှေ့မှာ ရော်ဘာကွင်းတွေ စီချိတ် ထားပါတယ်။ အိမ်က ခပ်နိမ့်နိမ့်လို့ ထင်ရပါတယ် ။ အိမ်အ၀င်မှာတော့ အခန်းကျယ်ကြီးပါ။ ဒါပြီးတော့မှ အထဲမှာ အခန်းငယ်လေး တစ်ခု ဖြစ်ပါတယ်။ အဲဒီအခန်းလေးကို တံခါးအဖြစ်က ရှေးလက်ရာထိုး တံခါးဖြစ်ပြီး ၀ါးနဲ့ ရက်လုပ်ထားတဲ့ ကပ်တစ်ချပ်ကို တံခါး အဖြစ် ပြုလုပ်ထားတဲ့ ထိုးတံခါးပါ။ အခုတော့ သော့တို့ တံခါးပိတ်ဖို့ မင်းတုပ်တို့ကို တပ်ထားပါတယ်။
တည်ဆောက်ခါစက အဲဒီဟာတွေ မပါဘူးလို့ သိရပါတယ်။ အခဲအခန်းလေးက တော်တော်  မှောင်ပါတယ်။ အခန်းအကျယ် ၁၀ ပေ × ၄၀ ပေလောက် ခန့်မှန်းရှိပြီး ဟိုးယခင်ကတော့ စော်ဘွားကြီးရဲ့ အစေခံတွေ နေထိုင်ခဲ့ ကြတဲ့ အခန်းလို့ သိရပါတယ်။
အဲဒီအခန်းလေးကို ကျော်လွန်လာတော့ ပေ ၅၀ × ၈၀ လောက် ရှိမယ့် အခန်းကျယ်ကြီး တစ်ခန်းကို တွေ့ရပါတယ်။ အခန်းထဲမှာ ပျဉ်တစ်ချပ်တည်းနဲ့ ပြုလုပ်ထားတဲ့ စော်ဘွားကြီး အိပ်တဲ့ ကုတင်ကို တွေ့ရပါ တယ်။ ကုတင်က ငါးပေ ခြောက်ပေ အကျယ် နဲ့ အရှည် အဖြစ် ခြောက်ပေ ခုနစ်ပေနီပါး ရှိပါတယ်။ ရှေးခေတ် လက်ရာ အတိုင်း သစ်သားတွေကို ဖောက်စွပ်ထားတာကို တွေ့ရပြီး သံတစ်ချောင်းမှ သုံးမထားပါဘူး။ အခန်းရဲ့ ကြမ်းပြားတွေကလည်း အကျယ် တစ်ပေခွဲ  နှစ်ပေနီးပါး ရှိပြီး အရှည်ကလည်း ပေ ၇၀ ၊ ၈၀ လောက်ရှိမယ့် ပျဉ်ပြားကြီးတွေပါ။
" ဒီအခန်းကြီးထဲက စော်ဘွားကြီးနဲ့ မိသားစု နေထိုင် ကြပါတယ်။ အရင်က စော်ဘွားကြီး ခုတင် ဘေးမှာ မီးဖိုကြီးတစ်ခု ရှိပြီးတော့ အဲဒီမီးဖိုမှာပဲ ထမင်းဟင်းတွေ ချက်ပြုတ် စားသောက်ကြတယ်။ ထမင်းဆိုတာ အဓိက ကတော့ ပြောင်းဖူးပေါ့။ အိုးကြီးတွေ နဲ့ အခွံချွတ်ထားတဲ့ ပြောင်းဖူးစေ့တွေကို အိုးကြီးတွေနဲ့ ပြုတ်ပြီး စားကြတာလေ။ အခုထိ သစ်သား ပန်းကန်တွေနဲ့ ဘူးသီးချောက်တွေနဲ့ လုပ်ထားတဲ့ ဇွန်းတွေ ရှိသေးတယ်။ အိုးက တော့ ကြေးဝါ၊ ကြေးနီအိုးကြီးတွေပေါ့။ အခုလို သတ္တုအိုးတွေ မရှိသေးဘူး" လို့ စော်ဘွားကြီးရဲ့ မြေးက ရှင်းပြပါတယ်။
ပင်လုံစာချုပ် ချုပ်ဆိုတုန်းက လက်မှတ်ထိုးခဲ့တဲ့ စော်ဘွားကြီး ထောင်ဇခုပ်က ၁၉၂၂ ခုနှစ်က ဒီအိမ်ကြီးကို တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ချင်းစော်ဘွားကြီးရဲ့ ဟော်နန်းက အပြင်ကနေ ကြည့်ရင် သိပ်မကျယ် သလိုနဲ့ အထဲမှာ အခန်းတွေနဲ့ ဖွဲ့စည်းထားပြီး တော်တော် ကျယ်ဝန်းတဲ့ အိမ်တစ်ခုပါ။ စော်ဘွားကြီး နေထိုင်ရာ အခန်းရဲ့အနောက်ဘက်မှာတော့ ဟိုးရှေးယခင် နတ်ကိုးကွယ်တဲ့ ခေတ်က ပူဇော်ပသတဲ့ အခန်းဖြစ်ပေမယ့် အခု အချိန်အခါမှာတော့ ပစ္စည်းတွေ သိမ်းဆည်းရာ ဂိုဒေါင်တစ်ခု ဖြစ်နေပါပြီ။ ရှေးပုံစံအတိုင်း ပြင်ဆင်မှု မရှိသေးတဲ့ ချင်းစော်ဘွားကြီးရဲ့အိမ်ကို ယခုအချိန် အထိ တတ်နိုင်သလောက် ထိန်းသိမ်းပေးထားတဲ့ စော်ဘွား ကြီးရဲ့ မျိုးဆက်တွေကို ကျေးဇူးတင် ရသလို ချင်းတိုင်းရင်းသားတွေ အတွက်လည်း ဂုဏ်ယူစရာ တစ်ခုပေါ့။ အိမ်မကြီးရဲ့ဘေးမှာတော့ အဆောင်တစ်ခု ရှိပြီး ရှေးယခင်က ရှိခဲ့တဲ့ အဆောင်ကို နည်းနည်း ပြန်ပြုပြင်ထားပါ တယ်။ တည်ဆောက်ခဲ့တဲ့ နှစ်ကို ပြန်တွက်  စစ်ကြည့်မယ် ဆိုရင်တော့ ဟိုးယခင် စော်ဘွားများ မဟုတ်ဘဲ အင်္ဂလိပ်ခေတ်မှာ တည်ရှိခဲ့တဲ့ စော်ဘွားတစ်ယောက်၊ မြန်မာနိုင်ငံ အတွက် အရေးပါလှတဲ့ ပင်လုံစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ စော်ဘွားတစ်ယောက်ရဲ့ ဟော်နန်းလို့ ပြောရမလား၊ အိမ်ရယ်လို့ ခေါ်ဆိုရမလား မသိတဲ့ နေရာထိုင်ခင်းတစ်ခုကို မျက်မြင် ကိုယ်တွေ့ မြင်တွေ့နေရတာ စိတ်လှုပ်ရှားမိခဲ့တာ အမှန်ပါပဲ။
အိမ်မကြီးထဲမှာ စော်ဘွားကြီးနဲ့ သူ့ရဲ့ အခြွေအရံတွေ နေထိုင်တဲ့ အခန်းကျယ်ကြီး တစ်ခုနဲ့ အိမ်အ၀င်က စော်ဘွားကြီးရဲ့ ဧည့်သည်များ တွေ့ဆုံရာ အခန်းအကျယ်ကြီး အပါအ၀င် အခန်း ငါးခန်းလောက် ပါပါတယ်။ အစေခံတွေနေတဲ့ အခန်းလေးထဲမှာ မီးဖိုတစ်ခုနဲ့ စော်ဘွားကြီး နေထိုင်တဲ့ အခန်းကျယ်ကြီးထဲမှာ မီးဖိုတစ်ခု ရှိခဲ့ပေမယ့် အခုတော့ မီးဖိုတွေ မရှိတော့ပါဘူး။ အိမ်ရဲ့ အမိုးတွေကိုလည်း သစ်သားအချို့နဲ့  ပြုလုပ်ထားပြီး ရှေ့မှာတော့ သွပ်မိုး မိုး ထားပါတယ်။ ခေါင်မိုးပေါ်မှာ လေ၀င်ပေါက်နဲ့ တစ်ခု ထည့်ပေးထားပါတယ်။ အစေခံ မိသားစုတွေပါ အတူ နေထိုင်ကြပြီး အိမ်ဝင်ဝင်ခြင်း တွေ့ရတဲ့ ဧည့်ခန်းမှာတော့ ဧည့်သည်တွေ ဆုံပြီး ချင်း လူငယ်တွေကလည်း လာပြီး အိပ်ကြတယ် လို့ သိရပါတယ်။
ချင်းတောင်ပေါ်မှာရှိတဲ့ ချင်းစော်ဘွားရဲ့နေအိမ် သို့မဟုတ် သူ့ရဲ့ ဟော်နန်း ပေါ့။ " ကျွန်တော်တို့ ချင်းတောင်မှာတော့  နာမည်ကတော့ စော်ဘွား အဆင့်ရှိပါ့မလား မသိဘူး။ 'တောင်ပိုင်' ခေါ်မယ် ထင်တယ်။ စော်ဘွားလို့လည်း ပြောကြတာပဲ။ ရွာ ၁၀ ရွာ ၁၅ ရွာလောက် အခွန်စားရ တယ်လေ။ အင်္ဂလိပ်ခေတ် ဘက်မှာတော့ တိုက်နယ်သူကြီးလို့ ပြောကြတာပေါ့။ ဒေသမှာတော့ ချင်း လို 'အုပ်ပီး'  လို့ ခေါ်တယ်။ အုပ်ချုပ်တဲ့ အကြီးအကဲပေါ့။ ရှမ်းပြည်တို့ ဘက်က စော်ဘွားတို့လိုတော့ ခမ်းခမ်းနားနား ကြီးကျယ်တဲ့ အဆင့် မရှိဘူးပေါ့။ တီးတိန်၊ တွန်းဇံနယ်မှာတော့ ဒီလိုအိမ်က ဒီတစ်အိမ်ပဲ ရှိမယ်။ အခု အိမ်ဆောက်ခဲ့တဲ့ စော်ဘွားကြီးရဲ့အဖိုးထွမ်ထောင်းကတော့ အင်္ဂလိပ်တွေကို တော်လှန်ရင်း ကင်းတပ်ထောင်ထဲမှာ သေဆုံးခဲ့တယ်။ ပူထွမ်ထောင်းရဲ့သား 'ပူးဒိုတွမ်' က အရိုက်အရာ ဆက်ခံပြီး ' ပူးဒိုတွမ်'  ရဲ့ သား အခု အိမ် ဆောက်ခဲ့တဲ့ ' ပူးထောင်ဇခုပ်' ပေါ့"  လို့ စော်ဘွား ပူးထောင်ဇခုပ်၏ မျိုးဆက် ဦးပေါင်က ပြောကြားခဲ့ပါတယ်။
ချင်းတောင်ပေါ်က ချင်းတိုင်းရင်းသားတို့ရဲ့ အကြီးအကဲ တစ်ယောက်ရဲ့ နေအိမ်ရဲ့ အပြင်မှာ တောင်တန်းကြီးကို ငေးမောကြည့်လို့ ရတဲ့ လေဟာပြင်က ခုံတန်းပေါ်မှာ ငေးမောရင်းက အပြန်မှာတော့ ရဲရဲတောက် တောင်ဇလပ်တို့ရဲ့ သမိုင်း တစ်စွန်းတစ်စကို ကျွန်တော် တွေးတော နေမိပါတယ်။ တကယ်တော့ ချင်းတောင်ပေါ်က ဒီလို သမိုင်းဝင် နေရာတွေ ဘယ်လောက်များ ကျန်ရှိနေဦးမလဲ ဆိုတာ ကျွန်တော်တို့ ရှာဖွေ ဖော်ထုတ်ရဦးမှာ ပါလား။

Writer: 
ကိုဆူး (ချင်းတောင်ခြေ) EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template