Headlines News :
Home » » ရေနံကြွယ်ဝသော်လည်း ဆင်းရဲမွဲတေနေသည့် ဗင်နီဇွဲလား၌ အကြိတ်အနယ် ဖြစ်နေသည့် လွှတ်တော်ရွေးကောက်ပွဲများ စတင်

ရေနံကြွယ်ဝသော်လည်း ဆင်းရဲမွဲတေနေသည့် ဗင်နီဇွဲလား၌ အကြိတ်အနယ် ဖြစ်နေသည့် လွှတ်တော်ရွေးကောက်ပွဲများ စတင်

Written By Aye Minn on Sunday, December 6, 2015 | 8:26 PM


ကာရာကက်မြို့တွင် ဗင်နီဇွဲလား သမ္မတဟောင်း ဟူဂိုချားဗက်၏ မဲဆွယ်ပိုစတာဘေးမှ လမ်းသွားလမ်းလာများ ဖြတ်လျှောက်သွားသည်ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (Photo:AP)
ရေနံကြွယ်ဝသည့် ဗင်နီဇွဲလားနိုင်ငံတွင် ဒီဇင်ဘာ ၆ ရက်က အကြိတ်အနယ် ဖြစ်နေသည့် လွှတ်တော်ရွေးကောက်ပွဲများကို ကျင်းပခဲ့ကြသည်။ ထိုရွေးကောက်ပွဲတွင် အတိုက်အခံတို့သည် အမတ်နေရာ အများစုကို ဆိုရှယ်လစ် အစိုးရ အဖွဲ့ထံမှ သိမ်းယူမည့် အခြေအနေ ရှိနေပြီး အကြမ်းဖက်မှုများ ဖြစ်လာမည်ကို ခေါင်းဆောင်များက စိုးရိမ်နေကြသည်။

ငွေကြေးဖောင်းပွမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေကာ ဆင်းရဲမှုနှင့် ရင်ဆိုင်နေရသည့် ဗင်နီဇွဲလားနိုင်ငံတွင် အတိုက်အခံ ညွန့်ပေါင်းအုပ်စုသည် ယခု ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ပြီး အမျိုးသား လွှတ်တော်ကို ထိန်းချုပ်ရန် ကြိုးပမ်းမည်ဖြစ်သည်။ အမေရိကန် ဆန့်ကျင်ရေးဝါဒီ သမ္မတ နီကိုးလက်မာဒူရို၏ လမ်းကြောင်းကို ပြောင်းလဲရန် အတွက်လည်း တွန်းအားဖြစ်လာနိုင်မည်ဖြစ်သည်။

လူဦးရေ သန်း ၃၀ နေထိုင်သည့် လက်တင်အမေရိက နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေနံသိုက်များ ရှိသော်လည်း ပြည်သူအများစု ဆင်းရဲမွဲတေလျက်ရှိသည်။ ထိုအချိန်တွင် ကျင်းပမည့် ယခု ရွေးကောက်ပွဲသည် နိုင်ငံရေး အပြောင်းအလဲများကို ဖြစ်လာစေနိုင်သကဲ့သို့ လိပ်ခဲတည်းလည်း အခြေအနေသို့လည်း ရောက်သွားနိုင်သည့်အပြင် ယခင်နှစ်က လူ ၄၃ ဦးကို သေဆုံးစေသော အဓိကရုဏ်းမျိုးကိုပင် ပြန်ဖြစ်ပေါ်စေနိုင်သည်ဟု လေ့လာသူများနှင့် နိုင်ငံရေး ခေါင်းဆောင်များက သတိပေးထားကြသည်။

ထို့အပြင် ယခု ရွေးကောက်ပွဲသည် နိုင်ငံကို ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် သမ္မတဟောင်း ဟူဂိုချားဗက်၊ သူကိုယ်တိုင် ရွေးချယ်ခဲ့သော သူ၏ ဆက်ခံသူ မာဒူရိုတို့၏ စီးပွားရေး ပေါ်လစီအပေါ် ပြည်သူလူထု၏ သဘောထားအမြင်ကို သိရှိစေနိုင်မည် ဖြစ်သည်။ “ကျုပ်တို့ အနိုင်ရလိမ့်မယ်” ဟု မာဒူရိုက ယခု သီတင်းပတ် အတွင်းက မဲဆွယ်စည်းရုံးရေးအတွင်း ဟစ်ကြွေးခဲ့ပြီး ၎င်း၏ ပြိုင်ဘက်များကိုလည်း ပျင်းရိပြီး အသုံးမကျဟု ဝေဖန်ခဲ့သည်။

ဗင်နီဇွဲလား၏ လူထုသဘောထား စစ်တမ်းများတွင်မူ အတိုက်အခံအုပ်စု ဒီမိုကရက်တစ် ညီညွတ်ရေး စားပွဲဝိုင်းသည် ယခုရွေးကောက်ပွဲတွင် မဲအများစုကို အနိုင်ရသွားလိမ့်မည်ဟု ညွှန်ပြနေကြသည်။ နိုင်ငံတကာမှ အာဏာပိုင်များကမူ ယခု ရွေးကောက်ပွဲသို့ ပြည်ပမှ လေ့လာစောင့်ကြည့်သူများကို လာခွင့်မပြုသည့်အတွက် မာဒူရိုကို ဝေဖန်နေကြသည်။ မဲပေးခွင့်ရှိသူ ၁၉ သန်းရှိသည့် ယခုရွေးကောက်ပွဲကို အစီအစဉ်တကျ ပြီးစီးသွားစေရန် စစ်သားထောင်ပေါင်းများစွာ တပ်ဖြန့်ထားသည်ဟု သိရသည်။

မာဒူရို၏ သမ္မတသက်တမ်းသည် ၂၀၁၉ ခုနှစ်အထိ ဖြစ်သော်လည်း ယခုရွေးကောက်ပွဲတွင် အတိုက်အခံတို့ အမတ်နေရာ အများစု အနိုင်ရသွားပါက အခြေခံဥပဒေကို အသုံးပြုပြီး ၎င်းကို ဖြုတ်ချနိုင်သည်။ အကယ်၍ အတိုက်အခံတို့ အနည်းစုသာ အနိုင်ရပါက မာဒူရိုသည် ရွေးကောက်ပွဲရလဒ်ကို သူ့စိတ်ကြိုက် ခြယ်လှယ်လိုက်နိုင်သည်ဟု လေ့လာသူ လူးဝစ်လီယွန်က ပြောကြားခဲ့သည်။ “လွှတ်တော်က သူ့ကို မယုံကြည်တဲ့ အဆိုတင်သွင်းနိုင်သလို သူကလည်း လွှတ်တော်ကို ဖျက်သိမ်းလိုက်နိုင်တယ်။ ဒါဟာ အလွန် မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေပဲ” ဟု လီယွန်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က လူသေဆုံးမှုများ ရှိခဲ့သည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်စေရန် မီးထိုးပေးမှုဖြင့် ထောင်ချခံထားရသည့် အတိုက်အခံ အစွန်းရောက်ခေါင်းဆောင် လီယိုပိုလ်ဒိုလိုပတ်ကို ယခုရွေးကောက်ပွဲတွင် မဲပေးခွင့် ပြုခဲ့သည်ဟု သိရသည်။ ဒီဇင်ဘာ ၆ ရက် ရွေးကောက်ပွဲပြီးလျှင် အစွန်းရောက် အတိုက်အခံများ လမ်းပေါ်ထွက်လာနိုင်သည်ဟု အတိုက်အခံဘက်မှ ပုဂ္ဂိုလ်တစ်ဦးက သတိပေးခဲ့သည်။ “အခု အချိန်မှာ ဗင်နီဇွဲလားဟာ ပေါက်ကွဲဖို့ အဆင်သင့် ဖြစ်နေတဲ့ ဗုံးတစ်လုံး လိုပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: AFP
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template