Headlines News :
Home » » လွှတ်တော်အတွင်းမှ ဘိန်းရာဇာများ

လွှတ်တော်အတွင်းမှ ဘိန်းရာဇာများ

Written By Aye Minn on Sunday, September 6, 2015 | 8:33 PM



မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးကတည်းက ဆောင်ရွက်နေခဲ့သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများမှ အောင်မြင်မှုမရှိကြောင်း အမေရိကန်လွှတ်တော်အမတ် ပတ်မီဟန်၏ စာမျက်နှာ ၃၀ ပါစာတမ်းကို နေပြည်တော်ရှိ မြန်မာခေါင်းဆောင်များ အထူးသဖြင့် စစ်ဗိုလ်ချုပ်ကြီးများက နှစ်ခြိုက်မည်မဟုတ်ပေ။

သို့သော် ထိုသို့သတ်မှတ်မှုကို ၂၀၁၉ တွင် နောက်ထပ် ၅ နှစ် ထပ်မံသက်တမ်းတိုးမည်ကို မလိုလားပါက မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် ပတ်မီဟန်၏ စာတမ်းကို ဂရုတစိုက်ဖတ်ရှုသင့်သည်။

စာတမ်းပြုစုသူ၏ အဆိုအရ မြန်မာ့တပ်မတော်၏ မိမိကိုယ်ကိုယ် ပေးအပ်ထားသော ပဓာနတာဝန်မှာ နိုင်ငံ၏ ဝေးလံခေါင်သီသော ဒေသများတွင် တစ်လက်မ မကျန် ထိန်းချုပ်နိုင်ရေး ဖြစ်ပြီး အထူးသဖြင့် ရှမ်းပြည်နယ်အတွက် ရည်ရွယ်သည်ဟု ဆိုသည်။ တပ်မတော်အခြေစိုက်စခန်းများ၏ ၄ ပုံ ၁ ပုံကျော်ကို ရှမ်းပြည်နယ်တွင် ချထားပြီး ရှမ်းပြည်တောင်ပိုင်းဒေသတွင် လှုပ်ရှားနေသည့် ခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်း ၈၉ ခုရှိသည်။ ကိုလိုနီခေတ်က ထိုဒေသတွင် တပ်ရင်းတစ်ခုသာ ရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

၁၉၈၈ တွင် သွေးထွက်သံယို အာဏာသိမ်းမှုအပြီး စစ်အင်အား တိုးချဲ့ခဲ့ပြီးနောက်တွင် ဗဟိုချုပ်ကိုင်မှုအချို့ လျှော့ချကာ ဒေသခံတပ်မှူးများ လက်တွင်းသို့ လုပ်ပိုင်ခွင့်များ ထည့်သွင်းပေးခဲ့သည်။ ထို့ကြောင့် ဒေသခံတပ်မှူးများမှာ စီးပွားရေး လုပ်ငန်း အများအပြားတွင် ပါဝင်လုပ်ကိုင်ခွင့် လမ်းပွင့်သွားခဲ့သည်။

အဆိုပါ လုပ်ငန်းများတွင် အကျိုး အမြတ်အများဆုံး ၀င်ငွေလမ်းတစ်ခုအဖြစ် ဘိန်းလုပ်ငန်းပါဝင်နေခြင်းမှာ ငြင်းပယ်၍မရနိုင်ပေ။ “ ဒေသအချို့တွင် စစ်တပ်က ဘိန်းစိုက်သူများထံမှ တိုက်ရိုက်အခွန်ကောက်ခံပြီး မပေးပါက ဘိန်းခင်းများ ဖျက်စီးမည်ဟု ခြိမ်းခြောက်လေ့ရှိသည်။ ထိုသို့ကောက်ခံခြင်းမှာ ၁၉၉၆ ပြည့်လွန်နှစ်များတွင် ပုံမှန်ဖြစ်ခဲ့ပြီး တစ်ခါတရံ အခွန်ကို ငွေကြေးအစား ဘိန်းဖြင့်ပေးချေခဲ့ကြသည်။ ပိုမိုအသုံးများသည့် ပုံစံမှာ ဘိန်းခင်းများမှ အခွန်ကောက်ရန် ကျေးရွာလူကြီးများမှ တစ်ဆင့် ခိုင်းစေခြင်းဖြစ်သည်။ သတ်မှတ်ထားသည့် ပမာဏရရှိရန် ကျေးရွာလူကြီးများက ဘိန်းခင်းများမှ ကောက်ယူ၍ ဒေသခံစစ်စခန်းများထံ ပေးသွင်းရခြင်းဖြစ်သည်” ဟု စာတမ်းတွင် ဖော်ပြထားသည်။

အခြားထင်ရှားသည့် လှုပ်ရှားမှုတစ်ခုမှာ ဒေသခံပြည်သူ့စစ်အဖွဲ့အစည်းများအား မူးယစ်ဆေးလုပ်ငန်းတွင် ပါဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အစိုးရကို ဆန့်ကျင်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ကူညီတိုက်ခိုက်ပေးခြင်း၊ ၎င်းတို့ ထိန်းချုပ်ထားသောနယ်မြေကို အသုံးပြုခွင့်ပေးခြင်းနှင့် ဒေသတည်ငြိမ်ရေး တို့အတွက် ပြည်သူ့စစ်များကို ထိုသို့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ ခွင့်ပြုခြင်းဖြင့် စစ်တပ်အနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းတွင် တိုက်ရိုက်ပတ်သက်စရာမလိုဘဲ ပြည်သူစစ်များမှ တစ်ဆင့် အကျိုးအမြတ်ရနိုင်ပြီး မူးယစ်လုပ်ငန်းနှင့် စစ်တပ်ကြားတွင် ကြားခံလွှာတစ်ခု ခြားထားနိုင်ခဲ့သည်။

ထိုမဟာဗျူဟာများအရ တစ်ဆင့်ခံ ပြည်သူ့စစ်များ တည်ထောင်ချဲ့ထွင်ခြင်းဖြင့် ဝေးလံခေါင်သီသည့် ဒေသများသို့ အာဏာဖြန့်ကျက်နိုင်ခဲ့ပြီး ထိုဒေသများရှိ လူထုနှင့် သယံဇာတများအပေါ် တပ်မတော်က ပိုမိုထိန်းချုပ်နိုင်ခဲ့သည်။ ယခင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ခဲ့ရာ ဒေသများကို ဖြတ်ကျော်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန်မှာ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုခန့်က မဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။ ယနေ့အချိန်တွင်မူ ထိုဒေသများကို အစိုးရက ခိုင်ခိုင်မာမာထိန်းချုပ်နိုင်ပြီဖြစ်သည်ဟု အဆိုပါ စာတမ်းက ဖော်ပြထားသည်။

ကိုယ်တိုင်ငွေကြေးရှာဖွေအသုံးပြုရသည့် ထိုပြည်သူ့စစ်ခေါင်းဆောင်များမှာ “တိုင်းရင်းသားခေါင်းဆောင်များ” အဖြစ် သတ်မှတ်ခံရပြီး အစိုးရနှင့် မဟာမိတ်ဖြစ်မှု ခိုင်မြဲနေသရွေ့ မူးယစ်ဆေးလုပ်ငန်းများ အဆင့်ဆင့်တွင် ပါဝင်ပတ်သက်မှုမှာ ပိုမိုကျယ်ပြန့်လာသည်။ အဆိုပါ ”တိုင်းရင်းသားခေါင်းဆောင်” များမှ အများစုမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ခဲ့ပြီး ရွေးချယ်ခံအမတ်များအဖြစ် လွှတ်တော်သို့ တက်ရောက်လျက်ရှိသည်။

သို့သော် ထိုသို့ “ ညှိနှိုင်းတည်ဆောက်ထားသည့် ပုံစံမှာ တည်ငြိမ်မှုမရှိနိုင်ကြောင်း အကြောင်းပြချက်များစွာ ရှိနေသည်ဟု စာတမ်းတွင် ဖော်ပြ ထားသည်။ ပထမအချက်မှာ ထိုသို့ပြုလုပ်ခြင်းက ပြဿနာကို ဖြေရှင်းရန်ထက် စီမံခန့်ခွဲရန်သာ အသုံးဝင်သည်။ မြန်မာနိုင်ငံတွင် ဗမာ မဟုတ်သည့် တိုင်းရင်းသားများကြား အာဏာခွဲဝေရေးပြဿနာနှင့် မူးယစ်ဆေးပြဿနာများမှာ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

ဒုတိယ အကြောင်းရင်းမှာ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား မဟာမိတ်ဖြစ်မှုမှာ အားအနည်းဆုံးနှင့် တည်ငြိမ်မှုမရှိဆုံးအချိန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ကိုးကန့်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှာ စစ်တပ်ထိန်းချုပ်မှုအောက်ရှိ နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ၂၀၀၉ တွင် ငြင်းဆန်ခဲ့သဖြင့် နှစ် ၂၀ ကြာ မဟာမိတ်ဖြစ်မှု ကျိုးပျက်သွားခဲ့ခြင်းက ထိုအချက်ကို ပြသနေသည့် အချက်တစ်ခုဖြစ်သည်။

တတိယအကြောင်းရင်းမှာ ဒေသအလိုက်ကျင့်သုံးသည့် ဗျူဟာများနှင့် နိုင်ငံတကာက လက်ခံထားသော မှန်ကန်သည့် နိုင်ငံတစ်ခု၏ အခန်းကဏ္ဍတို့ ၀ိရောဓိဖြစ်နေခြင်းဖြစ်နေသည်ဟု စာတမ်းတွင် ဖော်ပြထားသည်။

တရားမ၀င်ဘိန်းကုန်ကူးမှုနှင့် ဆက်စပ်နေပါက ခိုင်မာတည်ငြိမ်သည့် နိုင်ငံတစ်ခုတည်ထောင်ရန် ပြဿနာရှိနေသည်။ ထိုအခြေအနေက နိုင်ငံရေးနှင့် ပတ်သက်မှုမရှိဘဲ အကျိုးအမြတ်ကိုသာ စိတ်ဝင်စားသူများ စစ်ပွဲနှင့် ပဋိပက္ခများမှ ပေါ်ထွက်လာစေသည်။ ပြီးခဲ့သည့်နှစ်များစွာအတွင်း ဘိန်း ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများ ယင်းတို့၏ ဘိန်းလုပ်ငန်းနှင့် နယ်စပ်ဖြတ်ကျော်ဈေးကွက်ကို အကောင်းဆုံးအကာအကွယ်ပေးနိုင်သည့် မည်သည့် အဖွဲ့မဆို မဟာမိတ်ဖွဲ့ခဲ့ကြသည်။ ရှမ်းတောင်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများမှာ KMT ကွန်ရက်များမှ MTA ၊ ထိုမှ UWSA နှင့် ယခုနောက်ဆုံး စစ်တပ်နှင့် ချိတ်ဆက်မှုရှိသော ပြည်သူစစ်များထံ ရွှေ့ပြောင်းလာခဲ့သည်။

ထိုအချက်များကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံသည် ပဋိပက္ခများ၏ အဓိကအကြောင်းရင်းဖြစ်သော “ပင်လုံစာချုပ် ကတိက၀တ်ပျက်ကွက်ခြင်း” ကို မှန်ကန်စွာ ဖြေရှင်းခြင်းမပြုပါက နိုင်ငံအတွက်သာမက ကမ္ဘာ့နိုင်ငံများအတွက်ပါ ခေါင်းခံစရာပြဿနာဖြစ်နေမည်ဖြစ်သည်။

KHTun
The Ladies News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template