
သံလွင်မြစ် သက်ရောက်ရာ ဘားအံမြို့တွင် ဇူလိုင် ၂၉ ရက်နေ့ စတင်ပြီး မြစ်ရေလွှမ်းမိုး ခံစားရပြီးနောက် ကယ်ဆယ်ရေးစခန်း ၉ ခုကို ဖွင့်လှစ်ကာ သြဂုတ် ၁ ရက်နေ့ စာရင်းဇယားအရ ကယ်ဆယ်ရေးစခန်း ၉ ခုတွင် ခိုလှုံသူ အိမ်ထောင်စုဝင် ၁၁၀၄ စု၊ (ကျား+မ+ကလေး) ဦးရေပေါင်း ၅၈၉၉ ဦး ရှိရာမှ သြဂုတ် ၃ ရက် မွန်းလွဲ ၂ နာရီ စာရင်းဇယားအရ အိမ်ထောင်စု ၁၁၈ စု တိုးလာကာ (ကျား+မ+ကလေး) ဦးရေပေါင်း ၆၄၄၄ ဦး ရှိကြောင်းနှင့် ကယ်ဆယ်ရေး ထောက်ပံ့ကူညီမှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။
“ကယ်ဆယ်ရေး စခန်းတိုင်းကို ဆန်၊ ဆီ၊ ဆား၊ ရေသန့်၊ မားမားခေါက်ဆွဲ၊ ကြက်ဥ၊ ဘဲဥနဲ့ ဆေးဝါးတွေကို ပြည်နယ်အစိုးရ အဖွဲ့တွေအနေနဲ့ ကူညီထောက်ပံ့မှုတွေ ပေးနေတယ်။ ဒါပေမဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း အနေနဲ့ လာရောက်ကူညီမှု အားနည်းနေပါသေးတယ်။ တစ်ချို့အိမ်ထောင်စုဝင်မှာ စောင်၊ ခြင်ထောင်၊ အိုးခွက်တွေကအစ မပြည့်စုံတာတွေ တွေ့ရတယ်။ ရေဘေးဒုက္ခဆိုတာ ရေဘေးတကယ်သင့်မှ ခံစားရတာဖြစ်လို့ တတ်နိုင်သမျှ ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဘားအံမြို့ ရေဘေးကယ်ဆယ်ရေး စခန်းမှ ရေဘေးသင့်သူ တစ်ဦးက ပြောကြားသည်။
ဇူလိုင် ၂၉ ရက်နေ့တွင် စတင်ရေလွှမ်းမိုးမှု ခံရသော ဘားအံမြို့ပေါ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေး စခန်းများဖြစ်သော ပြည်နယ်အားကစားရုံ၊ ရွှေယဉ်မျှော် ပြည်တော်ဧစေတီ၊ ပြည်နယ်အားကစားရုံ၊ အစ္စလာမ်ပရဟိတ၊ အောက်သံလွင်ဘောလုံးကွင်း၊ သုမေဓါရာမ ကြားတောရ၊ အထက ၃ အားကစားရုံ၊ အထက (ခွဲ) ၃၊ လှာကာ (ကူးဆိပ်)၊ ပြည်နယ်ကမဌာန်းတို့တွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။
Eleven Media Group