Headlines News :
Home » » ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးချက်များ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးချက်များ

Written By Aye Minn on Thursday, July 2, 2015 | 8:50 AM

၃၀-၆-၂၀၁၅ နေ့နှင့် ၁-၇-၂၀၁၅ နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက်များအား ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။

■ လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် (၀က်လက်မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)

...ကျွန်တော့်အနေနဲ့ ၁၀-၆-၂၀၁၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၈၈ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၄၃.၅၂ ရာခိုင်နှုန်းရဲ့ကိုယ်စား ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ ဦးသိန်းဇော် တင်သွင်းဆွေးနွေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ (ခ) နဲ့ အကျုံးဝင်တဲ့ ပုဒ်မပေါင်း ၂၇ ခု၊ ပုဒ်မခွဲများ အပါအ၀င် ၅၂ ခု၊ ဇယား (၂) တွင် အသစ်ဖြည့်စွက်ခြင်း ၃၄ ခု၊ ဇယား (၅) တွင် အသစ်ဖြည့်စွက်ခြင်း ၂၀ ခုတို့အနက် ပုဒ်မ၊ ပုဒ်မခွဲ ၁၆ ခုတို့နဲ့ ပတ်သက်ပြီး ခြုံငုံဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။

နာယကကြီးခင်ဗျား။ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့ လွှတ်တော်မှာ စတင်အဆိုတင်သွင်းခဲ့တာ ကျွန်တော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ဆင်နိုင်ရေးအတွက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ၁၀၉ ဦးကော်မတီ၊ ၃၁ ဦးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှာလည်း ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီဟာ လွှတ်တော်တွင်းမှာရှိတဲ့ အခြားသော ပါတီများနဲ့အတူ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တာ အထင်အရှားပဲ ဖြစ်ပါတယ်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးဖို့ အဆိုတင်သွင်းရာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ မှာ ပါတဲ့အတိုင်း ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက တင်ပြရမှာ ဖြစ်တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီဟာ လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်နေတဲ့အလျောက်၊ အတိအကျအားဖြင့် ၄၃.၅၂ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်များကို စုစည်းပြီး ဦးဆောင်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလို တင်ပြနေခြင်းဟာ မိမိတို့ပါတီရဲ့ ဂုဏ်ကိုဖော်ပြီး တင်ပြနေခြင်း မဟုတ်ဘဲ ယမန်နေ့များက ဆွေးနွေးကြတဲ့အထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက ဟန်ပြသဘော အပေါ်ယံ ဆောင်ရွက်နေတယ်လို့ စွပ်စွဲပုတ်ခတ်မှုများ ရှိတဲ့အတွက် ပြန်လည်ရှင်းလင်းတင်ပြရခြင်း ဖြစ်ပါတယ်။ ...

...ဒီလို အခြေအနေမျိုးမှာ တချို့သော ပုဂ္ဂိုလ် အဖွဲ့အစည်းများက ၎င်းတို့ သဘောထားနဲ့ မကိုက်ညီတဲ့အတွက် အပေါ်ယံဟန်ပြ ပြင်ဆင်ခြင်းသာ ဖြစ်တယ်လို့ စွပ်စွဲလာခြင်းဟာ သင့်မသင့် စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရကိုက လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်၊ အများစုရဲ့ သဘောကို လိုက်နာဆောင်ရွက်ခွင့်တို့ ပါရှိပြီး ဖြစ်တဲ့အတွက် ကိုယ်နဲ့မတူ ကိုယ့်ရန်သူ ဆိုတာမျိုးကို ကိုယ့်သဘောထားနဲ့ မတိုက်ဆိုင်တာနဲ့ ပြစ်တင်ပုတ်ခတ် ပြောဆိုခြင်းများဟာ ဒီမိုကရေစီ စံနှုန်းများနဲ့ ကိုက်ညီခြင်း မရှိတဲ့အတွက် သတိပြု ဆင်ခြင်သင့်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။ ...

...လေးစားအပ်တဲ့ နာယကကြီးခင်ဗျာ။ ဆက်လက်ပြီး ဒီနေ့ဆွေးနွေးရမယ့် ပုဒ်မများ အနက်မှ ပုဒ်မ ၆၂ နဲ့ပတ်သက်ပြီး ဦးစွာဆွေးနွေး တင်ပြပါ့မယ်။ ပုဒ်မ ၆၂ ရဲ့ မူလပြဋ္ဌာန်းချက်မှာ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်စေရလို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်ဟာ ကျွန်တော်တို့ပါတီက တင်ပြထားတဲ့ ပုဒ်မ ၆၀ (ဂ)ပါ ပြင်ဆင်ပြဋ္ဌာန်းချက်ဖြစ်တဲ့ ယင်းအစုအဖွဲ့ တစ်ဖွဲ့စီက ဒုတိယသမ္မတစ်ဦးစီကို ပြည်ထောင်စုလွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်း ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ရမည်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေတဲ့အတွက် ပယ်ဖျက်ဖို့ တင်ပြရခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်မှသာလျှင် ပြည်သူများရဲ့ ဆန္ဒကို ပိုမိုပြည့်စုံစွာ ဖြည့်ဆည်းနိုင်မယ့်အပြင် ဒီမိုကရေစီကျင့်စဉ်နဲ့လည်း ပိုမိုကိုက်ညီမှာ ဖြစ်ပါတယ်။ အလားတူ ပုဒ်မ ၆၃ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ နိုင်ငံဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ လည်းကောင်း၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ နှုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဆိုသည့် အချက်နဲ့ ပုဒ်မ ၆၄ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်းအတွင်း ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဆိုတဲ့ အချက်များဟာလည်း မလိုအပ်တော့တဲ့အတွက် ပယ်ဖျက်လိုခြင်းဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

နာယကကြီးခင်ဗျား။ ဆက်လက်ပြီး ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ခ) နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြပါ့မယ်။ ပုဒ်မ ၂၃၂ (ခ)ရဲ့ မူလပြဋ္ဌာန်းချက်ကတော့ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် (၁) လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ ပုဒ်မခွဲ (က) ပါ အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ မိမိတို့ပါတီရဲ့ သဘောထား အနေနဲ့ကတော့ ပြည်ထောင်စုဝန်ကြီးများကို ပြည်သူ့ကိုယ်စားလှယ်များထဲက ရွေးချယ်ခြင်းဖြင့် ပြည်သူများရဲ့ဆန္ဒကို ပိုမိုပြည့်စုံစွာ ဖြည့်ဆည်းနိုင်မယ့်အပြင် ဒီမိုကရေစီ ကျင့်စဉ်နဲ့လည်း ပိုမိုသင့်လျော်တယ်လို့ ယူဆတဲ့ အတွက်ကြောင့် ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များထဲကဟူ၍ ပြင်ဆင်ရန် တင်ပြခြင်း ဖြစ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုအရ ပညာရှင်များ လိုအပ်မယ်ဆိုရင်လည်း ဒုတိယ၀န်ကြီးများအဖြစ် ရွေးချယ်တာဝန်ပေးအပ်နိုင်မှာဖြစ်ကြောင်း ဖြည့်စွက်တင်ပြအပ်ပါတယ်။

ဆက်လက်ပြီး ပုဒ်မ ၂၃၂ (ဂ) နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြပါ့မယ်။ မူလပြဋ္ဌာန်းချက်မှာ နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသော ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းကို စုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ သဘောတူညီချက် ရယူရမည်ဟူ၍ ဖော်ပြထားပါတယ်။ နိုင်ငံတော်သမ္မတ ရွေးချယ်ထားသူများဟာ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သင့်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရွေးချယ်ထားသူများဟာလည်း တပ်မတော်သား ကိုယ်စားလှယ်များထဲမှသာ ဖြစ်သင့်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းတို့ကို စုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်ဟူ၍ ပြင်ဆင်သင့်ပါကြောင်း တင်ပြအပ်ပါတယ်...


လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ (ဥတ္တရသီရိ မဲဆန္ဒနယ်)

... ကျွန်တော့်အနေနဲ့ မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒမှန်ဖြစ်သော ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအပေါ် အာမခံချက်ရှိသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်ပေါ်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မူအားဖြင့် လက်ခံသဘောတူသော်လည်း အခြေခံဥပဒေ ပြင်ဆင်ပုံ၊ ပြင်ဆင်နည်းများ မလုံလောက်သည့် အကြောင်းအပေါ် ဆွေးနွေးရခြင်း ဖြစ်ပါသည်။ ပုဒ်မ ၆၂ နဲ့ ၆၃ တို့ကို ပယ်ဖျက်ရန် ဖော်ပြထားပါသည်။

အဆိုပါ ပုဒ် ၆၂ နှင့် ၆၃ တို့ကို ပယ်ဖျက်ထားခြင်း အကြောင်းတွင် နိုင်ငံတော်၏ အကြီးအကဲဖြစ်သော နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို ပြည်သူက ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ်များ တစ်နည်းအားဖြင့် ပြည်ထောင်စုလွှတ်တော်က တာဝန်ခံ၍ ရွေးချယ်တင်မြှောက်ပေးသော သဘောပင် ဖြစ်ပါသည်။ ပြည်သူက ရွေးချယ်သော ပြည်သူကိုကိုယ်စားပြုသည့် ကိုယ်စားလှယ်များကသာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို တင်မြှောက်ပိုင်ခွင့်ရှိသည့် သဘောပင်ဖြစ်သဖြင့် မူအားဖြင့် ပယ်ဖျက်ခြင်းကို ထောက်ခံသဘောတူခြင်း ဖြစ်ပါသည်။ အဓိကအားဖြင့် နိုင်ငံတော်သမ္မတများကို ရွေးချယ်ရာတွင် တင်မြှောက်ပုံ ရွေးချယ်ပုံ နည်းလမ်းကသာ ပဓာနကျပါသည်။ ပြည်သူတို့၏ ဆန္ဒအတိုင်းသာ အရည်အချင်း သတ်မှတ်ရမည် ဖြစ်ပါသည်။

ဒီမိုကရေစီ စနစ်တွင် ပြည်သူကိုသာ ဗဟိုပြုရပါမယ်။ အချုပ်အခြာ အာဏာသည် ပြည်သူလူထုမှသာ ဆင်းသက်ရမည်ဆိုတဲ့ ဒီမိုကရေစီ အခြေခံမူနဲ့အညီ နိုင်ငံတော် အကြီးအကဲများဖြစ်သော သမ္မတများကို ပြည်သူကသာ ရွေးချယ်တင်မြှောက်ခွင့်ရမည်သာ ဖြစ်ပါသည်။ ပြည်သူက ရွေးချယ်တင်မြှောက်သူသာ နိုင်ငံတော်သမ္မတ နိုင်ငံတော်အကြီးအကဲ ဖြစ်ရပါမည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် ယေဘုယျအားဖြင့် နိုင်ငံတော်၏ သမ္မတ သို့မဟုတ် ၀န်ကြီးချုပ်တို့ကသာ အစိုးရအဖွဲ့နှင့် ပါလီမန်လွှတ်တော်များ ဖွဲ့စည်း၍ နိုင်ငံကို ဦးဆောင်နေခြင်း ဖြစ်ပါသည်။ သမ္မတကို ပြည်သူမှ တိုက်ရိုက်ရွေးချယ်တင်မြှောက်ခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့်ရွေးချယ်တင်မြှောက်ခြင်းများ ပြုလုပ်ကြပါသည်။ အနိုင်ရပါတီ ခေါင်းဆောင်ကို ၀န်ကြီးချုပ်အဖြစ် တာဝန်ပေး ပါလီမန်နှင့် အစိုးရအဖွဲ့ကို အစိုးရအဖွဲ့က နိုင်ငံကို ဦးဆောင်သော ရွေးကောက်ပွဲ နည်းလမ်းများဖြင့် ရွေးချယ်တင်မြှောက်ကြပါသည်။ မည်သည့်နည်းလမ်းကို ကျင့်သုံးသည် ဖြစ်စေ၊ ပြည်သူလူထု၏ ဆန္ဒအပေါ်တွင်သာ အခြေခံရကြောင်း တွေ့ရှိရပါသည်။

လေးစားအပ်ပါသော နာယကကြီးခင်ဗျား။ အထက်ပါ ဆွေးနွေးချက်များဖြစ်သော ပုဒ်မ ၆၂ နှင့် ၆၃ ကို ပယ်ဖျက်ရန်ဟု ဆိုသော်လည်း ယင်းပုဒ်မများတွင် ပါရှိသော ဒုတိယသမ္မတများဆိုသည့် စကားရပ်တွင်များကို ဖြုတ်၍ ဒုတိယသမ္မတ တစ်ဦးတည်းသာ ထားရှိသင့်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီတွင် ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းသို့ ဒုတိယသမ္မတ တစ်ဦးတည်းသာ ထားရှိသင့်သော အကြောင်းအရင်းမှာလည်း ဒီမိုကရေစီနိုင်ငံကြီးများ ဖြစ်ကြသော အမေရိကန်ပြည်ထောင်စုနှင့် ပြင်သစ်သမ္မတ နိုင်ငံတို့တွင်လည်း ဒုတိယသမ္မတ တစ်ဦးတည်းသာ ထားရှိခြင်း၊ မြန်မာနိုင်ငံ ပါလီမန် ဒီမိုကရေစီ ကာလတွင်လည်း ဒုတိယသမ္မတတစ်ဦး မထားရှိခဲ့ဘဲ သမ္မတတစ်ဦးတည်းဖြင့်သာ အုပ်ချုပ်ထားရှိခဲ့ခြင်း၊ မိမိတို့နိုင်ငံ၏ အချိန်မရွေး လူဦးရေ အချိုးအစား နိုင်ငံတော်၏ စီးပွားရေး အခြေအနေများအရ ဒုတိယသမ္မတ တစ်ဦးတည်းသာ ထားရှိရန် လိုအပ်ခြင်းတို့ကြောင်း ဖြစ်ပါသည်။

လေးစားအပ်ပါသော နာယကကြီး ခင်ဗျား။ ဒီနေရာမှာ အလျဉ်းသင့်သလို တင်ပြဆွေးနွေးရပါလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် နိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်အတူ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံသား ပြည်သူများနှင့်တကွ ညီတူညီမျှ ပါဝင်ပူးပေါင်းတဲ့ ဆောင်ရွက်ကြခြင်း ဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်ပေါ်ရေးကို လိုလားသူတိုင်း အခြေခံဥပဒေ ပြင်ဆင်ရေးကို သမိုင်းပေးတာဝန်အဖြစ် ခံယူသင့်ပါသည်။ ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံမှု မပြုခြင်းဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို လက်မခံချင်သော သဘောဆောင်နေပါသည်။ အခြေအနေ အချိန်အခါအရ ပြင်ဆင်သင့်တာကို ပြင်ဆင်ရဲတာ သတ္တိဖြစ်ပါသည်။ ပြင်သင့်တာကို ရဲရဲဝံ့ဝံ့တင်မှ တက်မှာဖြစ်ပါတယ်။ တိုးတက်တဲ့ ကမ္ဘာ့နိုင်ငံကြီးတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးတွေ အဆင့်ဆင့် ပြုလုပ်ခဲ့ကြတာချည်း ဖြစ်ပါတယ်။ နိုင်ငံ၏ သက်တမ်းရင့်ကျက်လာတာနဲ့အမျှ ပြုပြင်ပြောင်းလဲရေးဆိုတာ အမြဲဆောင်ရွက်ကြရပါတယ်။ ကာလဒေသ အခြေအနေတွေကို အကြောင်းပြပြီး ပြုပြင်ပြောင်းလဲရေးတွေကို ဆိုင်းငံ့လို့ မရပါဘူး။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွေဟာ အမြဲဆောင်ရွက်ရပါသည်။ အကြောင်းသင့်လို့ တာဝန်ရှိလာတဲ့အချိန် ပေးလာတဲ့ အခွင့်အလမ်းကို သမိုင်းပေးတာဝန်အဖြစ် ကျေပွန်အောင် ဆောင်ရွက်ပေးပါမှ အချိန်ကောင်းမှာ ဖြစ်ပါတယ်။ အနာဂတ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ဖြစ်ရေးအတွက် တာဝန်ရှိသူများ အားလုံးမှ တာဝန်ယူ ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးတင်ပြရင်း နိဂုံးချုပ်အပ်ပါသည် ခင်ဗျာ။


ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု ဆွေးနွေးနေစဉ်
လွှတ်တော်ကိုယ်စားလှယ်  ဒေါ်နန်းဝါနု (ကွန်ဟိန်းမဲဆန္ဒနယ်၊ ရှမ်းပြည်နယ်)

...ကျွန်မကတော့ ပါတီကိုယ်စားပြု အနေဖြင့် ပုဒ်မ ၄၃၆(ခ)တွင် ပါဝင်သော ပုဒ်မ ၂၆၁(ခ)၊ (ဂ)၊ (ဃ)၊ (င)၊ ပုဒ်မ ၂၆၄(ခ)(၁) ဇယား(၂)(က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င)၊ (စ)၊ (ဆ)၊ (ဇ)ပါ အသစ်ထပ်မံ ဖြည့်စွက်ချက်များ ပါရှိသော ဇယား ၅၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက ကောက်ခံရမည့် အခွန်အခစာရင်းများ ပါရှိသော အမှတ်စဉ် ၁၉ ၏အောက်တွင် ထပ်မံဖြည့်စွက်မည့် အမှတ်စဉ် ၂၀ မှ အမှတ်စဉ် ၃၉ အထိကို အဓိက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပြန်အလှန် ထိန်းကျောင်းရေးအတွက် အရေးပါသော ပုဒ်မ ၃၀၀ (ဃ)၊ ပုဒ်မ ၃၀၃(က)၊ (ခ)၊ (ဂ)၊ ပုဒ်မ ၃၁၂ (က)၊ (ခ)၊ (ဂ) နဲ့ ပုဒ်မ ၃၉၆(ခ)တို့ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါတဲ့ နာယကကြီးရှင့်။ ပထမဦးစွာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တာဝန်ပေးအပ်ရန် အစားထိုးထားတဲ့ ပုဒ်မ ၂၆၁(ခ)၊ (ဂ)၊ (ဃ)၊ (င)တို့ကို ကြိုဆိုထောက်ခံပါတယ်။

ပုဒ်မ ၂၆၄(ခ) (၁)တွင် အစားထိုးထားတဲ့ ပြဋ္ဌာန်းချက်က သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးပိုင်းကို လွှမ်းမိုးရုံမျှသာမက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုပါ လွှမ်းမိုးရာရောက်၍ ထပ်မံဖြည့်စွက်ရန် မသင့်ပါ။ . . .

 ...လေးစားအပ်ပါတဲ့ နာယကကြီးရှင့်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်များဖြစ်သည့် ဥပေဒပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို တက်နိုင်သမျှ ပိုင်းခြင်းသုံးစွဲခြင်းနှင့် အချင်းချင်း ပြန်လှန်ထိန်းကျောင်းခြင်းတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အသက်ဝိညာဉ် ဖြစ်ပါတယ်။ ပြင်ဆင်ထားတဲ့ ပုဒ်မ ၃၀၃ (က)၊ (ခ)၊(ဂ)ဟာ ပြည်ထောင်စုတရားသူကြီးများရဲ့ ရာထူးသက်တမ်းက  ၅ နှစ်၊ ပုဒ်မ ၃၁၂ (က)၊ (ခ)၊ (ဂ)တို့မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် တရားသူကြီးရာထူး ၅ နှစ်သက်တမ်းကို ပြန်လည်စဉ်းစား သုံးသပ်သင့်ပါတယ်။ မူလဥပဒေ ပုဒ်မ ၃၀၁ (က)မှ ပြည်ထောင်စုတရားသူကြီးရဲ့ အသက်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးရဲ့ အသက်ကို ရာထူးသက်တမ်းမှာ နှစ်ပေါင်း ၂၀ ဖြစ်ကြောင်း တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတ အဆက်ဆက် ပြောင်းလဲသွားသော်လည်း ၎င်းတို့အား လွယ်လင့်တကူ မပြောင်းလဲစေခြင်းမှာ တရားစီရင်ရေးကဏ္ဍ မှန်ကန်ဖြောင့်မတ်စေရေးနဲ့ ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်ရာအလို့ငှာ အာဏာသုံးရပ်တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် ၀င်ရောက်မစွက်ဖက်နိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ပုဒ်မ ၃၀၂(က)၊ ပုဒ်မ  ၃၁၂ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ပါက ၎င်းတို့ကို စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချနိုင်ပါတယ်။ ယခုပြင်ဆင်ထားချက်တွင် နိုင်ငံတော်သမ္မတက အချိန်မရွေး တရားစီရင်ရေးကို ၀င်ရောက်လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ ၎င်းတို့မှာ သီးခြားရပ်တည်နိုင်တဲ့ အင်အားရှိတော့မှာ မဟုတ်ပါဘူး။ ပုဒ်မ ၁၁ ပါ အပြန်အလှန် ထိန်းကျောင်းခြင်းတို့ကို ပြုလုပ်နိုင်တော့မည် မဟုတ်၍ အဆိုပါ ပုဒ်မများကို မပြောင်းသင့်ဘဲ တရားစီရင်ရေး စနစ်ကိုသာ ဂျူရီစနစ်ကို ပြောင်းလဲကျင့်သုံးသင့်ပါတယ်။

လေးစားအပ်ပါတဲ့ နာယကကြီးရှင့်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝှမ်းလုံး၌ တည်သည်ဟု ပြဋ္ဌာန်းထားပါသည်။ အချုပ်အခြာအာဏာက ပြည်သူများရဲ့ လက်ထဲတွင်သာ ရှိပါတယ်။ ဒါကြောင့် ပြည်သူတွေက ၎င်းတို့ကို ကိုယ်စားပြုစေတယ်။ ပြည်သူ့ ကိုယ်စားလှယ်များကို ရွေးချယ်ပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးများ၊ တရားသူကြီးချုပ်များ၊ ဒုသမ္မတများနှင့် နိုင်ငံတော်သမ္မတ စသည်တို့ကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်များက တာဝန်မကျေပွန်တဲ့ နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စုဝန်ကြီးများကို စွပ်စွဲအပြစ်တင် တာဝန်မှ ရပ်စဲနိုင်စွမ်း ရှိကြပါတယ်။ ဒီလိုပဲ ပြည်သူတို့ တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့အပေါ်မှာ တာဝန်ကျေမှုမရှိလျှင် ရိုးသားဖြောင့်မတ်မှုမရှိလျှင် ၎င်းတို့ကိုလည်း လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည်ရုတ်သိမ်းခွင့် ရှိရမှာ ဖြစ်ပါတယ်။ မဏ္ဍိုင်သုံးရပ် အပြန်အလှန် ထိန်းကျောင်းမှု ရှိသလို ပြည်သူများနဲ့ မဏ္ဍိုင်သုံးရပ်ကြား၊ ပြည်သူများနဲ့ ကိုယ်စားလှယ်များကြား အပြန်အလှန် ထိန်းကျောင်းရန် လိုအပ်ပါတယ်။ သို့ဖြစ်ပါသောကြောင့် ပုဒ်မ ၃၉၆(ခ) ကို မပယ်ဖျက်သင့်ဘဲ သင့်လျော်သော ရာခိုင်နှုန်းသို့ တိုးမြှင့်ပြဋ္ဌာန်းသင့်ပါကြောင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။


ဗိုလ်မှူးကြီးခင်မောင်ထွန်း (တပ်မတော်သား ကိုယ်စားလှယ်)

... နာယကကြီးခင်ဗျား။ ။ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ဟာ ဥပဒေပြုရေး မဏ္ဍိုင်မှာ အဆင့်မြင့်ဆုံး အဖွဲ့အစည်းများဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေကို အလေးထားပြီး စံနမူနာပြ တိကျစွာ လိုက်နာရမှာ ဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မိမိတို့နိုင်ငံ ဥပဒေအားလုံးရဲ့ မိခင်ဥပဒေဖြစ်လို့ အထူးအလေးထား လိုက်နာသင့်ကြောင်း ဦးစွာ တင်ပြလိုပါတယ်။ ယခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းက ပုဒ်မ ၆၂၊ ၆၃၊ ၆၄ အား ပယ်ဖျက်ရန်လို့ အဆိုပြုထားခြင်းဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မများနဲ့ ဆီလျော်ဆက်စပ်မှု မရှိဘဲ နိုင်ငံတော်၏ အခြေခံမူများနဲ့လည်း ကိုက်ညီမှု မရှိပါသဖြင့် မူလအတိုင်းသာ ထားရှိသင့်ပါကြောင်း တင်ပြအပ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အခန်း (၁) နိုင်ငံတော် အခြေခံမူများကို လေ့လာကြည့်ပါက တင်ပြပါအတိုင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ပုဒ်မ ၁၁ (က) နိုင်ငံတော်အာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ဖြစ်သည်။ ပုဒ်မ ၁၆ နိုင်ငံတော်အကြီးအကဲနဲ့ နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။ ပုဒ်မ ၂၆ (က) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်။ ပုဒ်မ ၃၈ (က) နိုင်ငံသားတိုင်းသည် ဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဖြစ်သည်။ ပုဒ်မ ၃၈ (ခ) ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာမဲဆန္ဒရှင်များ ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းချက်များနဲ့အညီ တာဝန်မှု ပြန်လည်ရုတ်သိမ်းခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၄၈ မှာ နိုင်ငံတော်အခြေခံမူများသည် ဥပဒေပြု လွှတ်တော်များက ဥပဒေပြဋ္ဌာန်းရာမှာ လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားဥပဒေပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက်အဓိပ္ပာယ်ဖွင့်ဆိုရာမှာ လည်းကောင်း၊ လိုက်နာရမယ့် လမ်းညွှန်များဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကလည်း တင်ပြပါအတိုင်း ပြဋ္ဌာန်းထားရှိပါတယ်။ ပုဒ်မ ၅၇ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။ ပုဒ်မ ၅၈ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရောက်ရှိသည်။ ပုဒ်မ ၆၈ (ဃ) ယင်းအစုအဖွဲ့ တစ်ခုစီက ဒုတိယသမ္မတ တစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်ထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ ရွေးချယ်တင်မြှောက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။....

...ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပါ အခန်းအလိုက် ပြဋ္ဌာန်းချက်များဟာ အခန်း (၁) နိုင်ငံတော်အခြေခံမူများအပေါ် အခြေခံရေးဆွဲထားခြင်း ဖြစ်ပါတယ်။ အခန်းအလိုက် ပုဒ်မများဟာလည်း တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး အခန်း (၁) နိုင်ငံတော်အခြေခံမူများကို ပြင်ဆင်ခြင်းမပြုဘဲ မိမိပြင်ဆင်လိုတဲ့ ပုဒ်မများကိုသာ ပြင်ဆင်ပါကလည်း ပြဋ္ဌာန်း ပုဒ်မများဟာ ရှေ့နောက်ဆီလျော် ညီညွတ်မှု မရှိတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပုဒ်မ ၆၂ ဟာ အခန်း (၁)  နိုင်ငံတော် အခြေခံမူများ၊ ပုဒ်မ ၃၈(က)(ခ)နှင့် အခန်း (၃) ပုဒ်မ ၆၀(ဂ) တို့နဲ့ ဆက်စပ်နေတာကို သတိပြုရမှာ ဖြစ်ပါတယ်။....

...နာယကကြီးခင်ဗျား၊ ပါလီမန်ဒီမိုကရေစီ စနစ်တွင်သာ ဥပဒေပြုမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ရောထွေးနေပြီး အုပ်ချုပ်ရေး အကြီးအကဲများဟာ အာဏာရပါတီ ခေါင်းဆောင်လွှတ်တော် အမတ်ဖြစ်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများဟာ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ပါ တစ်ချိန်တည်းတွင် ပူးတွဲတာဝန် ထမ်းဆောင်နေပါက နိုင်ငံ့ခေါင်းဆောင်များဟာ ပါတီနိုင်ငံရေးကို ဆောင်ရွက်ခွင့် ရရှိသကဲ့သို့ ဖြစ်နေပြီး၊ အမျိုးသားနိုင်ငံရေးနှင့် ပါတီနိုင်ငံရေး ရောထွေးမှုများ ရှိလာပြီး ပါတီစွဲ၊ ဂိုဏ်ဂဏစွဲများ လွှတ်တော်နှင့် အစိုးရအတွင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ပုဒ်မ-၆၄ ဟာလည်း ပုဒ်မ-၆၂၊ ပုဒ်မ-၆၃ တို့နဲ့ သဘောသဘာဝ တူညီတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပြီး ပါတီနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေး ရောထွေးမှုမရှိစေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ထိခိုက်မှု မရှိစေရန်၊ အခြားပါတီများနှင့် တရားမျှတစွာ ယှဉ်ပြိုင်မှုကို တစ်ဖက်စောင်းနင်း မဖြစ်စေရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။

နာယကကြီးခင်ဗျား၊ မိမိတို့ရဲ့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အနေနဲ့လည်း ၎င်းတို့အား ရွေးကောက်တင်မြှောက် ခံခဲ့ကြရသည့် နေ့ရက်မှစ၍ ၎င်းတို့၏ ပါတီလုပ်ငန်းများတွင် လုံးဝပါဝင်ခြင်း မပြုဘဲ ကင်းရှင်းစွာ နေထိုင်ခဲ့တာကို အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပုဒ်မ-၆၄ အား ပယ်ဖျက်ခဲ့ပါက တင်ပါအတိုင်း အာဏာရပါတီနိုင်ငံရေး ဖြစ်သွားနိုင်ပါတယ်။ ပုဒ်မ-၆၃၊ ၆၄ တို့နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာ စာမျက်နှာ (၁၂) နဲ့ (၁၃) မှာ မူလအတိုင်း ထားရှိရန်၊ ပါတီအချို့မှာ စာသားများပြင်ဆင်ရန် ဖော်ပြချက်များသာ ပါရှိခဲ့ပြီး ပယ်ဖျက်ရန် လုံးဝမပါရှိတာကို တွေ့ရှိရသဖြင့် ယခု အဆိုပြုချက်ဟာ ကော်မတီ၏ ဆောင်ရွက်မှု အစီရင်ခံစာနဲ့ အစီရင်ခံစာပါ ပြည်သူများ၏ ဆန္ဒသဘောထားကို လျစ်လျူ ရှုသကဲ့သို့ ဖြစ်နေပါတယ်။ ....

...နိဂုံးချုပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများကို ပြင်ဆင်လိုပါကလည်း အခန်း (၁) အခြေခံမူများနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်းနဲ့ ပုဒ်မ-၆၂၊ ပုဒ်မ-၆၃ ပါ ပြဋ္ဌာန်းချက်များနဲ့ ပုဒ်မ-၂၀၃ ပါ ပြဋ္ဌာန်းချက်များဟာ သဘောသဘာဝ မတူညီပါ။ ဒါကြောင့် ပုဒ်မ-၆၂၊ ၆၃နဲ့ ပုဒ်မ-၆၄ တို့အား ပုဒ်မများအား ပယ်ဖျက်ရန်မသင့်ဘဲ မူလအတိုင်းသာ ထားရှိသင့်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။


လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် (ရခိုင်မဲဆန္ဒနယ် အမှတ် ၆)

....နာယကကြီးခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ရခိုင်အမျိုးသားပါတီက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ မူတွေကို အခြေခံဆွေးနွေးမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ အခြားနိုင်ငံတွေနဲ့ နှိုင်ယှဉ်ပြီး မပြောလိုပါဘူး။ အထူးသဖြင့် အမေရိက၊ သြစတြေးလျ၊ ဂျာမနီနိုင်ငံကြီးတွေကို ဥပမာပေး မဆွေးနွေးလိုပါဘူး။ သူတို့က ချမ်းသာတဲ့ နိုင်ငံတွေပါ၊ လမ်းခရီး ဖြောင့်ဖြူးသာယာပြီးသား နိုင်ငံတွေပါ။ ကျွန်တော်တို့က ဆူးတွေနဲ့ပါ။ ရှေ့လမ်းခရီး ကြမ်းတမ်းနေပါသေးတယ်။ ပြီးတော့ သူတို့ဟာ နဂိုက ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီနိုင်ငံက ဒီမိုကရေစီ ဖွဲ့စည်းပုံဆွဲပြီး ပိုပြီး ဒီမိုကရေစီကျအောင် ဖွဲ့စည်းပုံကို ပြင်ဆင်ကြတာပါ။ ဘယ်လောက်ကြာကြာ မကြာကြာ ကိစ္စမရှိပါဘူး။ ကျွန်တော်တို့က အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံကို ကူးပြောင်းလာတာပါ။ အခြေခံခြင်း မတူပါဘူး။ ကျွန်တော်တို့ဟာ ပြင်ဆင်စရာ အများကြီး ရှိပါတယ်။ ဒါက ကိုယ့်နိုင်ငံကိုယ့်ကိစ္စ၊ ကိုယ့်နိုင်ငံ ရောက်ရှိနေတဲ့ အခြေအနေနဲ့ ကိုက်ညီအောင် ဖွဲ့စည်းပုံကို ပြင်ဆင်ရမှာပါ။

ဖွဲ့စည်းပုံကိုပြင်ဖို့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စတင်တဲ့ အခါမှာ ပြင်မလား၊ အသစ်ဆွဲမလားဆိုပြီး ငြင်းခုံခဲ့ကြပါတယ်။ ပြင်မယ်ဆိုတဲ့ဘက်ကို အများက ရွေးချယ်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံဆိုတာ အသေမဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ လွှတ်တော်ထဲ ၀င်ရပါတယ်။ လွှတ်တော်ထဲဝင်ပါ လွှတ်တော်ထဲ ပြင်လို့ရတယ်လို့ မီဒီယာပေါင်းများစွာ လူပုဂ္ဂိုလ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒါကြောင့် ပြင်ရမယ်၊ ဘယ်လောက်ပြင်ရမယ်၊ ဘယ်အချိန်မှာ ပြင်ရမယ်ဆိုတာ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံမပြင်ရင် ဘာဖြစ်မလဲ ဆိုတာကို မေးစရာ ရှိပါတယ်။ ဒီမိုကရေစီဖော်ဆောင်မှု နှေးကွေးသွားမယ်။ ဖက်ဒရယ်ဦးတည်ချက်ေ၀၀ါးသွားမယ်။ အပစ်အခတ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သံသယကြီးလာမယ်။ စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးသွားမယ်။ နိုင်ငံတကာက ဖွဲ့စည်းပုံ ပြင်သလား၊ ရွေးကောက်ပွဲ လုပ်သလားဆိုတာကို စောင့်ကြည့်နေတယ်။ ပြီးတော့ ပြည်သူလူထု ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေ လျော့ပါးသွားမှာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား။ ကျွန်တော် ဆွေးနွေးမယ့် ပုဒ်မက ၂၆၄ ပုဒ်မခွဲ (ခ) ခွဲငယ် (၁) ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်ကို ကန့်ကွက်ပြီး ဆွေးနွေးသွားပါမယ်။ ဘာလို့လဲဆိုရင် ဒီပြင်ဆင်ချက်ဟာ ဖွဲ့စည်းပုံပါ ယခင်အဓိပ္ပာယ်နှင့် မထူးမခြားနား ဖြစ်နေလို့ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄(ခ) ဟာ ၂၆၁(ခ) နဲ့ ချိတ်ဆက်နေပါတယ်။ ဒီပုဒ်မနှစ်ခုလုံးရဲ့ လိုရင်းသဘောကို အကျဉ်းပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂၆၁(ခ) မှာ နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ပါတယ်။ ပုဒ်မ ၂၆၄ (ခ) မှာ နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်ကို ဖြုတ်နိုင်ပါတယ်။ အခု ပြင်ဆင်ချက်မှာ ပုဒ်မ ၂၆၁(ခ) မှာ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်က ၀န်ကြီးချုပ်ကို ခန့်အပ်ပြီးတော့ ၂၆၄ (ခ) မှာ နိုင်ငံတော်သမ္မတက အဲဒီဝန်ကြီးချုပ်ကို ဖြုတ်ချနိုင်တယ်ဆိုတော့ သမ္မတရဲ့ ပါဝါက လျော့ကျမသွားပါဘူး။ နဂိုအတိုင်းပါပဲ။ ၀န်ကြီးချုပ်ကို ခန့်အပ်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်က ဖြုတ်ချနိုင်တဲ့ အာဏာ မရှိဘူး။

နာယကကြီး ခင်ဗျား။ ၂၆၁ (ခ) ကို ဇယားထဲမှာ ဒီလိုရှင်းလင်း တင်ပြထားပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များ၏ ရွေးချယ်မှုကို ဖြေလျော့ပေးခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုမိုဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ပြင်ဆင်လိုခြင်း ဖြစ်ပါသည်လို့ ဖော်ပြထားပါသည်။ အဲဒီရည်ရွယ်ချက် ပီပြင်အောင်ဆိုရင် ၀န်ကြီးချုပ်ကို တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်က ရွေးချယ်ခန့်အပ်၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ကပဲ ပြန်လည်ဖြုတ်ချနိုင်တယ်ဆိုရင် ပိုပြီးတော့ Federal ဆန် Decentralization အားကောင်းမှာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား။ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှာ ဒေသဆိုင်ရာအာဏာ နည်းနည်းပဲ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား (၂) မှာ အခုဖြည့်စွက်ထားတဲ့ အခွန်ကောက်ခံ စနစ်တွေကလည်း စီမံခန့်ခွဲရေးအာဏာ မဟုတ်ပါဘူး။ ၀န်ကြီးချုပ်ရတဲ့အာဏာ မဟုတ်ပါဘူး။ ဖက်ဒရယ်ဖွဲ့စည်းပုံ ပေါ်လွင်ချင်ရင် ဗဟိုအစိုးရက ဒေသအစိုးရကို အာဏာပိုပေးပြီး ၀န်ကြီးချုပ်ကို ဒေသအစိုးရက ခန့်နိုင်ဖြုတ်နိုင်ဖို့ လိုပါတယ်။ သို့သော်လည်းပဲ တစ်ဆင့်ချင်းသွားတဲ့ အနေနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရတို့ တွဲဖက်ကျင့်သုံးမယ်ဆိုရင် ၀န်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်မဖြုတ်ပဲနဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံထောက်ခံမဲနဲ့ ၀န်ကြီးချုပ်ကို သမ္မတက ဖြုတ်နိုင်တယ်ဆိုရင် ပိုပြီးသင့်တော်ပါတယ်လို့ ဆွေးနွေးရင်းနိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template