Headlines News :
Home » » ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးချက်များ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးချက်များ

Written By Aye Minn on Thursday, June 25, 2015 | 9:42 PM



၂၅-၆-၂၀၁၅ နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၆၄ ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ပြန်လည်ကောက်နုတ် ဖော်ပြလိုက်ပါသည်။



တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်းထိုက်

 . . . ပုဒ်မ ၆၀၊ ပုဒ်မခွဲ(ဂ)ကို အစားထိုးရာတွင် “လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ” အစား “ပြည်ထောင်စုလွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ” ဟု အစားထိုး ပြင်ဆင်ထားကြောင်း တွေ့ရှိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံမှုများ ပုဒ်မ ၇ တွင် “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်” ဟု အတိအလင်း ဖော်ပြထားပါတယ်။ အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ လက်ရှိ မြန်မာနိုင်ငံသည် သမ္မတဦးဆောင်သော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်း ဖြစ်သဖြင့် ပါလီမန်ဒီမိုကရေစီ စနစ်ကဲ့သို့  “ရွေးကောက်တင် မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များထဲက ရွေးချယ်တင်မြှောက်ရမည်” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် ဆောင်ရွက်နေခြင်းသည် သင့်လျော်ခြင်းမရှိကြောင်း တွေ့ရှိရပါတယ်။ ပါလီမန်ဒီမိုကရေစီစနစ်တွင် လွှတ်တော်ကိုယ်စားလှယ်များအား သမ္မတရွေးချယ်ခြင်းသည် မှန်ကန်သော်လည်း ပါတီစုံဒီမိုကရေစီစနစ်တွင် နိုင်ငံတော်သမ္မတအား လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ရွေးချယ်ခွင့်ပြုရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်ရှိ သမ္မတရွေးချယ် တင်မြှောက်ရေး အစုအဖွဲ့(၃)ဖွဲ့မှ ရွေးချယ်တင်မြှောက်ပြီး နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူများကိုသာ စိစစ်ရွေးချယ် တင်မြှောက်ပါတယ်။ ရွေးချယ်တင် မြှောက်ခံရမည့် နိုင်ငံတော်သမ္မတသည် မိမိနိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးအမြင်နှင့် အတွေ့အကြုံများ ကြွယ်ဝသူ ဖြစ်သင့်ပါတယ်။ ထို့အတူ နိုင်ငံတော်သမ္မတသည် လွှတ်တော် ရွေးကောက်ပွဲများ၌ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသည့် အရည်အချင်း များနှင့်လည်း ပြည့်စုံသူ ဖြစ်သင့်ပါတယ်။ ယင်းကဲ့သို့ သတ်မှတ်ချက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေများတွင်လည်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါတယ်။

နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အမျိုးသားခေါင်းဆောင်နှင့် နိုင်ငံတော်၏ အကြီးအကဲဖြစ်သည့် အားလျော်စွာ နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသားများအရေး စသည့်အရေးအရာများကို စဉ်ဆက်မပြတ် သိရှိနေရန်လည်း လိုအပ်မည် ဖြစ်ပါတယ်။ ထိုသို့သော အရည်အချင်းများနဲ့ ပြည့်စုံသူများသည် လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ရှိနိုင်သလို လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများ ထဲတွင်လည်း ရှိနိုင်ပါတယ်။ ကျွမ်းကျင်သူ အသိပညာရှင်၊ အတတ်ပညာရှင်များကို သမ္မတအဖြစ် ခန့်အပ်နိုင်စေရန်အတွက် မူလပြဋ္ဌာန်းစဉ်ကပင် သမ္မတရွေးချယ်ရေး အစုအဖွဲ့တစ်ခုစီမှ ဒုတိယသမ္မတ တစ်ဦးစီကို လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်ဟု ပြဋ္ဌာန်းပေးထားခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရမည့် ဒုတိယသမ္မတများအား နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံခြင်း ရှိ၊ မရှိ ကို ပြည်ထောင်စုလွှတ်တော်နှင့် လွှတ်တော်နှစ်ရပ် အကြီးအကဲများ၊ ဒုတိယအကြီးအကဲများ ပါဝင်သည့် အဖွဲ့က စိစစ်ဆောင်ရွက်စေမည် ဖြစ်ပါတယ်။ ထိုသို့ စိစစ်ဆောင်ရွက်မည် ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းနှင့် လည်းကောင်း၊ နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် လည်းကောင်း၊ ပြည့်စုံခြင်းမရှိသော ကိုယ်စားလှယ်များသည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရမည် မဟုတ်ကြောင်း တင်ပြအပ်ပါတယ်။

သို့ဖြစ်ပါ၍ အထက်ပါ တင်ပြချက်များအရ ကျွန်တော်တို့နိုင်ငံတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးမှုမဟုတ်ဘဲ သမ္မတဦးဆောင်သော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနေခြင်းကြောင့် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အမျိုးသားခေါင်းဆောင် ဖြစ်သည့်အားလျော်စွာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သော်လည်း ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့ကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်ဖြစ်ပါက နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံကိုက်ညီလျှင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူပင်ဖြစ်စေ၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခွင့် ရှိသင့်သည့်အပြင် မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိပါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများအား ထိခိုက်မှု မရှိခြင်းကြောင့် ပြင်ဆင်ခြင်း မပြုဘဲ မူလအတိုင်းသာ ထားရှိသင့်ပါကြောင်း တင်ပြအပ်ပါတယ် . . .



ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို (ပွင့်ဖြူ မဲဆန္ဒနယ်)

. . .နာယကကြီးခင်ဗျား ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်က နိုင်ငံတော် အကြီးအကဲအဖြစ် တာဝန်ယူထားတဲ့ ကာကွယ်ရေးဦးစီးချုပ်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွန်တော်မဆွဲဘူး။ ကျွန်တော့်ကို တရားခံမရှာပါနဲ့။ ရွေးကောက်ပွဲမှာ နိုင်အောင်ပြိုင်ကြလေ။ နိုင်တဲ့သူတွေဆွဲကြပေါ့” လို့ ပြောကြားခဲ့တာ အားလုံးအသိပါပဲ။

၁/၉၀ ကို လက်မှတ်မထိုးရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းမယ်။ ပါတီခေါင်းဆောင်တွေကို အရေးယူမယ်ဆိုပြီး အတင်းအကျပ် လက်မှတ်ရေးထိုး စေခဲ့ပါတယ်။ သို့သော် အာဏာပိုင်များဟာ ၁/၉၀ ရဲ့ အပိုဒ် ၂၀ မှာပါတဲ့ “ရွေးချယ်တင်မြှောက်ခြင်း ခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် တာဝန်ရှိသူများဖြစ်သည်” ဆိုတဲ့ မဲဆန္ဒရှင် ပြည်သူလူထုကို ပေးထားတဲ့ ကတိက၀တ်ကို လိုက်နာခဲ့ခြင်းမရှိခဲ့ပါ။

ကျွန်တော်တို့ကလည်း ဘယ်သူ့ကိုမှ တရားခံ မရှာချင်ပါဘူး။ ဒါကြောင့် တပ်မတော်သား ကိုယ်စားလှယ်များကို ပြည်သူက ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်ခြင်း ခံရတဲ့ ပြည်ထောင် စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီး ပြည်သူများ လိုလားတောင့်တနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ မေတ္တာရပ်ခံနေရခြင်းသာလျှင် ဖြစ်ပါတယ် . . .

. . .ဖွဲ့စည်းပုံအခြေခံဥပဒေ မူလပြဋ္ဌာန်းချက် အပိုဒ် ၆၀(ဂ) မှာ “ယင်းအစုအဖွဲ့ တစ်ဖွဲ့စီက ဒုတိယသမ္မတ တစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များ ထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။

ပြင်ဆင်ပြဋ္ဌာန်းချက်များမှာ “ယင်းအစုအဖွဲ့ တစ်ဖွဲ့စီက ဒုတိယသမ္မတ တစ်ဦးစီကို ပြည်ထောင်စုလွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ရမည်” လို့ ဖော်ပြထားပါတယ်။ ဒီပြင်ဆင်ပြဋ္ဌာန်းချက်ကို ကျွန်တော့်အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး ခင်ဗျား။

ကျွန်တော်တင်ပြ လိုတာကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတစ်ဝှမ်းလုံးမှ ဆန္ဒမဲပေးသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံထားပါတယ်ဆိုရင် ယခုပြည်ထောင်စု လွှတ်တော်က ဆန္ဒမဲပေးသူ ၅၀ ရာခိုင်နှုန်းကျော်က ပြင်ဆင်မယ်ဆိုတဲ့ အချက်ကို ဘာကြောင့် စိုးရိမ်နေကြရတယ် ဆိုတာ ကျွန်တော်ဖြင့် နားမလည်နိုင်အောင် ဖြစ်ရပါတယ်။

လေးစားအပ်တဲ့ နာယကကြီးခင်ဗျား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်မှာ အဆိုတင်သွင်း ထောက်ခံခဲ့ကြတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များကို ကျေးဇူးတင်ပါတယ်။ အကျိုးသက်ရောက်မှု မရှိတဲ့ ပြုပြင်ပြောင်းလဲရေး သက်သက်ကိုသာ အကောင်အထည် ဖော်ကြမယ်ဆိုရင် ပြည်သူကို မလေးစားရာ ရောက်ပါတယ်။

အကျိုးသက်ရောက်မှုတောင် မရှိသလောက်ဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေးကိုတောင်မှ ဆန့်ကျင်နေကြဦးမယ် ဆိုရင် ပြည်သူလူထုရဲ့ မျှော်လင့်ချက်များကို နင်းခြေရာ ရောက်ပါလိမ့်မယ်လို့ သတိပေးတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။



လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး (ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်)

. . .ပင်ကိုယ် သဘောအရ အခြေခံဥပဒေဆိုတာ ပြင်ဆင်ရမြဲ ဖြစ်တဲ့အတွက်မို့လို့ နိုင်ငံသားတွေအတွက် အခက်အခဲကြီးမား များပြားခြင်းမရှိဘဲ ပြင်ဆင်နိုင်ရေးဟာ အရေးကြီးပါတယ်။ တစ်ခါ ပြင်ဆင်ရန် လိုအပ်ချက်များပြားတဲ့ ကျွန်မတို့ရဲ့ ဒီအခြေခံဥပဒေကြီးဟာ လက်ရှိအခြေခံဥပဒေကြီးကို တစ်ကြိမ်တည်းနဲ့ ဆန္ဒစောစွာနဲ့ ပြင်ဆင်ကြဖို့ လုပ်ဆောင်မယ်ဆိုလို့ ရှိရင်လည်း ဒီမိုကရေစီ တည်ဆောက်ရေးမှာ ကြိုးပမ်းတဲ့ ကာလမှာ နောက်ကြောင်းပြန်လှည့် သွားမှာ စိုးရပါတယ်။ ကျွန်မတို့ ဒီမိုကရေစီ တည်ဆောက်ရေးဆိုတာ ပညာတတ်တွေကြောင့် တည်ဆောက်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ သက်တမ်းနုနေတဲ့ ဒီမိုကရေစီ တည်ဆောက်ရေးကြောင့် တိုင်းပြည် မတည်မငြိမ်ဖြစ်မှာလည်း စိုးရပါတယ်။ အဲဒါကြောင့်မို့ ပညာတတ်တွေနဲ့ ဒီမိုကရေစီ တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် ကျွန်မက နှစ်ချက်ပဲ ပြောမှာဖြစ်ပါတယ်။

ကျွန်မတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ မှာ နိုင်ငံတော် အခြေခံမူများ ဆိုပြီးတော့ ပါပါတယ်။ အဲဒီမှာ ပုဒ်မ ၁၁ ပုဒ်မခွဲ(က) အရဆိုလို့ရှိရင် အာဏာသုံးရပ်ကို ပိုင်းခြားခွဲခြားခြင်းနှင့် အချင်းချင်းပြန်လှန် ထိန်းညှိရန် မူဝါဒပါပါတယ်။ အာဏာသုံးရပ် ဆိုသည်မှာ အားလုံးသိတဲ့အတိုင်း အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာ သုံးရပ်ကို အပြန်အလှန်ထိန်းညှိရန် ဆိုတာပါပြီးသား ဖြစ်ပါတယ်။ အဲဒီတော့ ဒီအခြေခံမူအရ အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံတော်သမ္မတ ကြီးကနေအစ ဒုတိယသမ္မတ၊ ၀န်ကြီး၊ ဒုဝန်ကြီးနဲ့ အခြားပြည်ထောင်စု အဆင့်များသည် ဥပဒေပြုရေး ဆောင်ရွက်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ရအောင်၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လို့ မသင့်ပါဘူး။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီးကအစ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ အားလုံးဟာ ဆိုလို့ရှိရင် ဥပဒေပြုရေးနှင့် မသက်ဆိုင်သော၊ ဥပဒေပြုရေးနဲ့ ပြင်ပမှာရှိတဲ့ လွတ်လပ်တဲ့ နိုင်ငံသားထဲမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များမှာ ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်သင့်ပါတယ်။ အုပ်ချုပ်ရေး အာဏာရယူတဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထဲကနေ ရွေးချယ်မယ်ဆိုလို့ရှိရင် အရင်ပါလီမန် အုပ်ချုပ်ရေးစနစ်မှာ ကျင့်သုံးသလို ဖြစ်ပြီးတော့ လက်ရှိကျွန်မတို့ ကျင့်သုံးနေတဲ့ နိုင်ငံတော်ရဲ့ သမ္မတအုပ်ချုပ်ရေး စနစ်မှာဆိုလို့ရှိရင် ကျင့်သုံးရန် ကြိုးပမ်းခြင်းဆိုတာ အခြေခံသဘောတရားအရ လုံးဝ လွဲချော်နေပါတယ်။ မှန်ကန်မှု မရှိပါဘူး။ ပညာနဲ့ ဆက်နွှယ်နေတဲ့ ဆင်ခြင်တုံတရားနဲ့ စဉ်းစားဖို့ သင့်ပါတယ်။ နောက်တစ်ခု နှစ်ချက်ပြောပါမယ်။ ပုဒ်မ ၄၃၆  (က)မှာ ပါတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တို့ရဲ့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းအစား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် မဲအရေအတွက် သုံးပုံနှစ်ပုံ ဒါမှမဟုတ်ရင် ၆၅ ရာခိုင်နှုန်းနဲ့ ဆုံးဖြတ်ရန် ပြင်ဆင်သင့်ပါကြောင်း ဒုတိယအချက်အနေနဲ့ တင်ပြလိုပါတယ်။ ၁၀ ရာခိုင်နှုန်းလောက်ပဲ လျော့သွားတဲ့ အတွက်ကြောင့်မို့ မူရင်းရည်ရွယ်ချက်ကိုလည်း ထိခိုက်မှုမရှိပါဘူး။ သင့်လျော်မှန်ကန်တယ်လို့ ယူဆပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။



လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် (မြစ်ကြီးနား မဲဆန္ဒနယ်)

 . . . မြန်မာနိုင်ငံသားများသည် အမျိုးဂုဏ် ဇာတိဂုဏ်ကို အစဉ်အဆက် အထူးအလေးစား ထိန်းသိမ်းခဲ့ကြသော ဇာတိ ပုည ဂုဏ်မာနနှင့် ပြည့်စုံစွာ နေထိုင်ကြသူများ ဖြစ်ပါသည်။ မည်သည့် နိုင်ငံတွင် မည်သို့ရှိသည် ဆိုသည်ထက် မိမိနိုင်ငံတွင် မည်သို့ဖြစ်သင့်သည် ဆိုသည့်အချက်ကိုပဲ မမေ့ရန် အထူး လိုအပ်ပါတယ်။ သမ္မတ၏ အရည်အချင်း သတ်မှတ်ချက်တွင် မိမိတို့နိုင်ငံ၏ တည်ရှိမှု ပထ၀ီ အနေအထားကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည် ဆိုသော အချက်ကို မမေ့သင့်ပါ။ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အနာဂတ်ကို မျှော်တွေး၍ နိုင်ငံတော်၏ တည်ရှိမှု ရပ်တည်မှု အနေအထားကို မလွဲမသွေ စဉ်းစားရမည် ဖြစ်ပါသည်။ နိုင်ငံတော်၏ အထွတ်အထိပ် ပြည်သူများအားလုံး၏ အထွတ်အထိပ်တွင်ရှိမည့် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တွင် အမျိုးသားရေး လက္ခဏာအနေဖြင့် စံပြုအပ်သော အရည်အချင်းများဖြင့် ပြည့်စုံမှုရှိရန် လိုအပ်ပါသည်။ နိုင်ငံတော်နှင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် ရေရှည်တည်တံ့ ရပ်တည်ခိုင်မြဲရေးတို့တွင် အစဉ်ဆက်စပ်နေသော အကြောင်းတရားများပင် ဖြစ်ပါသည်။ ဤအကြောင်းတရားများကို ထောက်ရှုလျှင် သမ္မတဖြစ်ရန်အတွက် စံနှုန်းဆိုင်ရာ အချက်တစ်ချက်ဖြစ်သော ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်ပြီး မိမိတို့ ယခုပြင်ဆင် တင်ပြချက်မှာ လုံလောက်မှုရှိသည်ဟု ခံယူပါသည်။ ဆက်လက်၍ ပုဒ်မ ၆၀ (ဂ) ပါ ဒုတိယသမ္မတ တစ်ဦးစီကို သက်ဆိုင်ရာ အစုအဖွဲ့များက ရွေးချယ်ရာတွင် ပြည်သူ့ကိုယ်စားလှယ်များ ထဲမှသာ ရွေးချယ်ပေးပါရန် ပြင်ဆင်တင်သွင်းသော တင်သွင်းချက် ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတသည် ပြည်သူ့ကိုယ်စားလှယ်ထဲမှသာ ဖြစ်သင့်ပါသည်။ သမ္မတဖြစ်ပြီးနောက် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခြင်းမှာ ပုဒ်မ ၄၃၆ (ခ) နှင့် သက်ဆိုင်သော ပုဒ်မ ဖြစ်ပါသည်။ ဆက်လက် သီးခြားဆွေးနွေး ကြရမည်ဖြစ်ပါသည်။ ယခု ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပစဉ်ကလည်း အစုအဖွဲ့အားလုံးက ဒုတိယသမ္မတများကို ပြည်သူ့ကိုယ်စားလှယ်များ ထဲကပင် ရွေးချယ်ခဲ့သည့် အစဉ်အလာကောင်းကို ပြန်လည်သတိရသင့်ပါသည်။ အနိုင်ရပါတီ တစ်ရပ်ရပ်က သော်လည်းကောင်း၊ အစုအဖွဲ့ တစ်ခုခုကသော်လည်းကောင်း၊ နိုင်ငံတော်၏ သမ္မတကို ရွေးချယ်ရာတွင် အခြားသင့်လျော်သူ ရှိကောင်းရှိနိုင်သော်လည်း ထိုပုဂ္ဂိုလ်သည် အကြောင်းကြောင်းကြောင့် ပြည်သူ့ကိုယ်စားပြုမှုကို ရယူထားမှုမရှိခြင်း၊ တစ်နည်းအားဖြင့် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှု မရှိခြင်းဖြစ်လျှင် ဒုတိယသမ္မတ အဖြစ်ရွေးချယ်ရန် သင့်လျော်မှု ရှိ၊ မရှိ တွက်ဆကြရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံသို့ ဦးတည်ချီတက်နေသည်ကို ပြည်သူတစ်ရပ်လုံးက လည်းကောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးက လည်းကောင်း၊ အသိအမှတ်ပြုနေကြပြီ ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံကို ချီတက်လျှင် ဒီမိုကရေစီစံနှုန်းကိုတော့ မမေ့အပ်သင့်ပါ။ ဒီမိုကရေစီစံနှုန်းကို စဉ်းစားရာတွင် ဖြစ်သင့်သော အတိုင်းအတာ ပမာဏကို သေချာစွာရွေးချယ် သတ်မှတ်ရန် လိုအပ်ပါသည်။ စံနှုန်းသတ်မှတ်မှုနှင့် ပတ်သက်၍ မိမိတို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပုဒ်မ ၄၃၆ (က) နှင့် (ခ) တို့ကို ပြောင်းလဲပြင်ဆင်ရန် တင်ပြခြင်းမှာ လက်ရှိအနေအထားအရ ဖြစ်သင့်သော အခြေအနေကို အဘက်ဘက်မှ တွက်ဆ၍ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်သည့် အခြေအနေတွင် ပြင်ဆင်ရာ၌ အားလုံးတညီတညွတ်တည်း သဘောတူညီမှု ရရှိရေးမှာ ရနိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း မရနိုင်လျှင် ပြည်သူကိုယ်စားလှယ်များ အများစု၏ ဆန္ဒကို ရာခိုင်နှုန်းတစ်ခုအရ အတည်ပြု သတ်မှတ်ပေးရန် အချိန်တန်ပြီဟု တင်ပြအပ်ပါသည်။ ထို့ကြောင့် ၇၅ ရာခိုင်နှုန်းကျော် စကားရပ်အစား ၇၀ ရာခိုင်နှုန်းအောက် မလျော့သောဟု တင်ပြခြင်း ဖြစ်ပါသည်။ ဆက်လက်၍ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်ဟု ဆိုထားရာတွင်လည်း အကြောင်းကြောင်းကြောင့် ဆန္ဒမဲမပေးနိုင်သူများ မပေးမိသူများ ပျက်ကွက်သူများမှာ အလိုအလျောက် ကန့်ကွက်သူများ ဖြစ်သွားသည်ကိုလည်း သတိပြု၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးတို့၏ စကားရပ်အစား ဆန္ဒမဲပေးသူ အားလုံး၏ ထက်ဝက်ကျော် ဆိုသည်မှာ ဆီလျော်မှုရှိသည်ကို တင်ပြအပ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံး အလွန်အရေးကြီးကြောင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ပြင်ဆင်ရာတွင် ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပြည်ထောင်စု လွှတ်တော်နာယကက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ချမှတ်ခဲ့တဲ့ ဦးတည်ချက်များကို ပြန်ပြောင်းသတိရနိုင်ပါရန် တင်ပြအပ်ပါသည်။ ဦးတည်ချက်များမှာ (က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နဲ့ လျော်ညီစွာ ပိုမိုတည်ဆောက် နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာစေရေး၊ (ခ) တိုင်း ရင်းသားမျိုးနွယ်စု များအကြား ယုံကြည်မှုခိုင်မာသော အမျိုးသားစည်းလုံးမှုကို တည်ဆောက်နိုင် ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေး၊ (ဂ) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေးတို့ ဖြစ်ပါသည်။ ဤဦးတည်ချက်များမှာ မိမိတို့အားလုံး လက်ခံခဲ့သော ဦးတည်ချက်များ ဖြစ်သည်နှင့်အညီ ယခု ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရန် တင်ပြခဲ့သော ဥပဒေမူကြမ်းအပေါ် ပြည်သူများကို ကိုယ်စားပြုကြသော ပြည်သူ့ကိုယ်စားလှယ်များက မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ် ပေးကြပါရန်နှင့် ပြင်ဆင်မှုများနှင့်အတူ ပြင်ဆင်ချက်များ အာဏာသက်ရောက်မည့် ရက်၊ ကာလကိုလည်း ဆက်လက်ပြီးတော့ သတ်မှတ်နိုင်ရေး ဆောင်ရွက်ပေးကြပါရန် လေးစွာတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။



လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်း (သာပေါင်းမဲဆန္ဒနယ် )

 . . . ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီက အဆိုပြုထားတဲ့ ပြင်ဆင်နိုင်ရန် လိုအပ်ချက် ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကို ကျော်မှ ၇၀ ရာခိုင်နှုန်းကို လျော့ချထားတဲ့ အဆိုပြုချက်ကို သုံးသပ်တင်ပြလိုပါတယ်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ဦးရေ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၆၆၄ အပြည့်မှာ တပ်မတော်နေရာ ၁၆၆ ကို နုတ်ရင် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ဆိုတာ ၄၉၈ နေရာဖြစ်ပါတယ်။ အဲဒီတော့ ၆၆၄ ဦးရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဆိုရင် ၄၆၅ ဦးနဲ့ ညီပါတယ်။ ဒါကြောင့် မို့ ၃၃ ဦးဟာ ရွေးကောက်ခံ ကိုယ်စားလှယ်ရဲ့ ၆ ဒသမ ၆ ရာခိုင်နှုန်းသာ ဖြစ်ပြီးတော့ ၄၆၅ ဦးပြည့်ဖို့ဆိုရင် မဲဆန္ဒနယ်အားလုံးရဲ့ ၉၃  ဒသမ ၄ ရာခိုင်နှုန်း အနိုင်ရမှ ဖြစ်ပါတယ်။ ဒါဟာ ဖြစ်နိုင်၊ မဖြစ်နိုင် အားလုံးစဉ်းစားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ၇၀ ရာခိုင်နှုန်း အဆိုပြုချက်မှာပင်လျှင် ရွေးကောက်ပွဲတစ်ခုမှာ ပါတီတစ်ဖွဲ့ဟာ ၉၀ ရာခိုင်နှုန်းနိုင်ရင် ၁၇ ဦး လိုပါသေးတယ်။ ၉၁ ရာခိုင်နှုန်းနိုင်ရင် ၁၂ ဦး လိုပါသေးတယ်။ ၉၂ ရာခိုင်နှုန်း နိုင်မယ်ဆိုရင်တောင် ခုနစ်ဦးလိုပါသေးတယ်။ ၉၃ ရာခိုင်နှုန်း နိုင်မယ်ဆိုရင်တောင် နှစ်ဦးလိုပါသေးတယ်။ ကပ်ပြီးတော့ ပြောစရာ ရှိပါတယ်။ ၉၃ ရာခိုင်နှုန်းပြည့်အောင် အချို့ သော ပါတီတွေ ပေါင်းသွားရင် ဘယ်နှယ့်လုပ်မလဲဆိုတော့ ပေါင်းတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲလိုတဲ့ အပိုဒ်ရဲ့ သဘောသဘာဝအပေါ် မူတည်ပြီးတော့ ပေါင်းနိုင် မပေါင်းနိုင် ဆိုတဲ့အဆင့် ကျန်ပါသေးတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာ မေးခွန်းက ၇၀ ရာခိုင်နှုန်း လျှော့ချမှာတောင်မှ ဘာကို စိုးရိမ်စရာ ရှိနေသေးလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဆွေးနွေးနေကျထဲမှာ အများစုက သုံးသပ်တဲ့အထဲမှာ ဘာပါလဲဆိုတော့ တပ်မတော်ရဲ့ အပိုင်းက မပါဝင်လို့ရှိရင် အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ အချို့လည်း ဆွေးနွေးပါတယ်။ ကာကွယ်ရေးဦးစီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့ အပိုဒ်မပါဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ သေသေချာချာ အခန်း ၅ အုပ်ချုပ်ရေးနဲ့ အခန်း ၇ တပ်မတော်ကို လေ့လာကြည့်ရင် ကျွန်တော်တို့ လွှတ်တော်ကသာ စွပ်စွဲပြစ်တင်ခြင်းအခန်း မပါပေမယ့်လို့ ပြည်ထောင်စုအဆင့်ဝန်ကြီး တစ်ပါးပါးကို ခန့်အပ်တဲ့နေရာမှာသာ လွှတ်တော်ရဲ့ အတည်ပြုချက်ရရမှာ ဖြစ်ပေမယ့်လို့ လက်ဝဲဘက်ခြမ်းက ပုဒ်မ ၂၀၈နဲ့ ပုဒ်မ ၂၃၅ (ဂ)(၁)တို့မှာ ကြည့်ရင် ထုတ်ပယ်ခြင်း ရပ်စဲခြင်းတို့မှာ နိုင်ငံတော်သမ္မတဟာ ပြတ်ပြတ်သားသားကို ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အခွင့်အရေးရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ ထို့အတူပဲ ကျွန်တော်တို့ ပုဒ်မ ၂၀၀ ပြည်ထောင်စု အစိုးရကို ဖွဲ့စည်းပြီးရင် ပုဒ်မ ၂၀၁ မှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖွဲ့စည်းပါတယ်။ ထို့အတူ ဟိုဘက်အခြမ်းက တပ်မတော် အခန်း ၇ မှာ ပုဒ်မ ၃၄၂ မှာ ကာကွယ်ရေး ဦးစီးချုပ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဆိုပြုချက်နဲ့ တင်ပြရမှာ ဖြစ်တဲ့အတွက် ဒီနေရာမှာ နှစ်ခြမ်းလုံးကို ပြန်ယှဉ်ကြည့်ရင် ကာကွယ်ရေးနဲံ လုံခြုံရေးကောင်စီက အရင်ပေါ်ရမှာလား ကာကွယ်ရေး ဦးစီးချုပ်က အရင်ပေါ်ရမှာလားဆိုတာ Protocol အရ  အတိအကျ မရှိပါဘူး။ ဒီလို အတိအကျ မရှိခြင်းကိုက နိုင်ငံတော်သမ္မတကို လုပ်ပိုင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အချုပ်ပြောရရင် နိုင်ငံတော်သမ္မတက လက်ဝဲဘက်အခြမ်းက ငါးယောက်မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ညာဘက်အခြမ်းက ငါးယောက် အဲဒီခြောက်ယောက်သည် နိုင်ငံတော်သမ္မတကသာ အလိုမရှိဘူး ဆိုလို့ရှိရင် ထုတ်ပယ်မယ် ရပ်စဲမယ် တစ်ခုခုတောင်းဆိုမယ် ဆိုရင် တောင့်ခံနိုင်တဲ့ အနေအထား မရှိဘူးဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ချင်ရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးရယ် တပ်မတော်သား ကိုယ်စားလှယ် အားလုံးရယ် နိုင်ငံတော်သမ္မတရဲ့ သဘောထား ဆန္ဒကလည်း မဖြစ်မနေ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်ဆိုတာ ဒီနေရာမှာ ပေါ်လွန်နေပါတယ်။ ဒါကို ပြောင်းပြန်ပြန်ပြောရင် ဒီနေ့ ပြည်သူလူထုကသာ လိုလားတဲ့ ပြင်ဆင်လိုတဲ့ အချက်တွေကို ကျွန်တော်တို့ မပေးနိုင်ရင် တစ်ချိန်ချိန် တစ်ဆက်ဆက်မှာ ဒီဖွဲ့စည်းပုံ အတိုင်းသွားရင် နိုင်ငံတော်သမ္မတ တစ်ယောက်ယောက်သည် သူစိတ်ကြိုက် အမိန့်ပေးပြီး ဆောင်ရွက်သွားနိုင်တဲ့ အနေအထား ဆက်ရှိနေမှာ ဖြစ်တဲအတွက် နောင်ကျမှ နောင်တက်လာတဲ့ နိုင်ငံတော်သမ္မတတွေက လိုအပ်တိုင်း ပြင်သွားတာကို ကျွန်တော်တို့က ကျွန်တော်တို့ ပြင်နိုင်ပါလျက်နဲ့ စောင့်မလား ကျွန်တော်တို့ခေတ် ကျွန်တော်တို့ အခါမှာ ပြည်သူတွေ လိုအပ်ချက်ကို ကျွန်တော်တို့ စိတ်ကောင်း စေတနာကောင်းနဲ့ နောင်တမရဘဲနဲ့ ပြင်ပေးနိုင်ကျမလားဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ အချက်ကို ကြည့်ရင် ကျွန်တော်တို့ ပေါ်လွန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအနေအထားတွေအရ ကျွန်တော်တို့ဟာ ပြည်သူရဲ့ လိုအပ်ချက်ကို ဆောင်ရွက်ပေးနိုင်ဖို့ဆိုရင် အဆိုတင်ထားတဲ့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီရဲ့ အဆိုတင်ချက်တွေဟာ ဒီနေ့ဒီနှစ် အချိန်အခါ လိုအပ်ချက်မှာ ကျွန်တော်တို့ ပါတီရဲ့ နိုင်သလောက် အင်အားနဲ့ လက်ဆမှန်မှန်နဲ့ ကိုယ်ပြင်နိုင်တဲ့ အချိန်မှာ ဒီလောက် လက်ဆနဲ့ ပြင်လိုက်ရင်တော့ တိုင်းပြည်ကို ထိန်းသိမ်းသွားနိုင်မယ်ဆိုတဲ့ အယူအဆနဲ့ တွေးခေါ်မြော်မြင်ပြီး တင်ပြထားတာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဒီဟာကို အားလုံးက ၀ိုင်းဝန်းပြီး ထောက်ခံကြိုဆို သင့်ပါကြောင်း အောင်မြင်အောင် ဆောင်ရွက်ပေးသင့်ပါကြောင်း တင်ပြရင် နိဂုံးချုပ်အပ်ပါတယ်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template