Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ တွေ့ဆုံဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ တွေ့ဆုံဆွေးနွေး

Written By Aye Minn on Thursday, June 11, 2015 | 6:37 PM



(Photo : AFP)

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံသို့ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ရှီကျင်ပင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

တရုတ်သမ္မတ ရှီကျင်ပင်းသည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခေါင်းဆောင်များကို ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် လက်ခံတွေ့ဆုံ ဆွေးနွေးလေ့ရှိသည်။

သို့ရာတွင် ခေါင်းဆောင်နှစ်ဦး မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကိုမူ အဆိုပါသတင်းတွင် ဖော်ပြထားခြင်း မရှိပေ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “တရုတ်ခေါင်းဆောင်တွေနဲ့ အကယ်၍ တွေ့ဖြစ်မယ် ဆိုရင်တော့ နိုင်ငံနှစ်နိုင်ငံအတွက် ကောင်းရာ ကောင်းကျိုးကိုပဲ ကျွန်မတို့ ဆွေးနွေးမှာပါ” ဟု ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၅ ရက် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် မတွေ့ဆုံမီ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်ဒုတိယဥက္ကဋ္ဌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပဆက်သွယ်ရေးဌာန အကြီးအကဲ ၀မ်ကျားလွေ့နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၁၀ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပါတီနှစ်ခုကြား ဆက်ဆံရေးကို အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်ပင်း၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းတို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားထားသည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်မှာ ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ ဖြစ်သည်။

တရုတ်နိုင်ငံခရီးစဉ်သို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ဦးဖြိုးမင်းသိန်းနှင့် ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာတင်မာအောင်တို့ လိုက်ပါသွားသည်။

တရုတ်နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်တွင် မြန်မာအစိုးရအား ကမ္ဘာ့ဇာတ်ခုံအလယ်တွင် ကာကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အခြားနိုင်ငံများထက် လက်ဦးမှု ရယူနိုင်ခဲ့သည်။

သို့ရာတွင် သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံသည် ယခင်က ဆက်ဆံရေး အေးစက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပနိုင်ငံများ စသည့်အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့ရာ တရုတ်အစိုးရသည် ယခင်က မြန်မာအစိုးရနှင့်သာ ဆက်ဆံခဲ့ရာမှ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်ပါ ထိတွေ့ဆက်ဆံလာခဲ့သည်။

NLD ပါတီမှ လူကြီးအဖွဲ့နှင့် လူငယ်အဖွဲ့ ကိုယ်စားလှယ်များသည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးများ သွားရောက်ခဲ့ဖူးသည်။

“NLD ပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရမည်ဟု ခန့်မှန်းမှုအချို့ ရှိနေပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဖြစ်စဉ်များအရ ပထမအကြိမ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲထက် ဒုတိယအကြိမ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက တိုင်းပြည်အတွက် လွန်စွာအရေးကြီးကြောင်း ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုသည် မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံနှင့် ဆက်ဆံရေး တည်ဆောက်ရန် တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် မျှော်လင့်နေသည်ဟု တရုတ်ဂလိုဘယ်တိုင်းမ် သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ မလာရောက်မီ ရေးသားဖော်ပြခဲ့သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template