Headlines News :
Home » » ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုရလဒ် ထူးထူးဆန်းဆန်း အံ့သြစရာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုရလဒ် ထူးထူးဆန်းဆန်း အံ့သြစရာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Written By Aye Minn on Thursday, June 25, 2015 | 9:53 PM


လွှတ်တော်အစည်းအဝေးအပြီး ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် တွေ့ဆုံစဉ်

ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထွက်ပေါ်လာသည့် ရလဒ်အပေါ် ထူးထူးဆန်းဆန်း အံ့သြစရာမဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က  ဇွန် ၂၅ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ပြင်ဆင်မှု မဲခွဲဆုံးဖြတ်သည့် ယနေ့ရလဒ် အပေါ်တွင် ယခုရလဒ်မှာ ခန့်မှန်း၍ရသည့် ရလဒ်ဖြစ်ကြောင်း၊ မဲခွဲရာမှာ ၄၇၅ ဦးထောက်ခံမှ ရမည်ဆိုသည့် နာယကကြီး ပြောထားတာရှိကြောင်း၊ ဒီနေ့မဲပေးမှုအတွက် ၅၈၃ ယောက်ပဲ ရှိကြောင်း၊ အဲဒီလိုရှိသည့်အထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ အပြည့်တက်လေ့ရှိကြောင်း၊ အရပ်သား ကိုယ်စားလှယ်က ၄၁၇ ဦးလောက်ပဲရှိကြောင်း၊ ခွင့်ယူသူ ၅၀ ဦးရှိကြောင်း၊ ဖွဲ့စည်းပုံအတွက် ဆုံးဖြတ်မှာဖြစ်လို့ မပျက်မကွက်တက်ဖို့ ပါတီဝင်တွေကို မှာထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ပါတီအနေနဲ့ ပြောသင့်တာတွေ ပြောခဲ့ပါတယ်။ အရေးကြီးတဲ့ ပုဒ်မတွေကို အခုတစ်ပတ် ဆွေးနွေးသွားတယ် ဆိုတာတော့ အများက သိကြပါတယ်။ ဒီလိုရလဒ်ကလည်း သိပ်ပြီးတော့ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ ဘာမှ အံ့သြလောက်အောင်တော့ မဟုတ်ပါဘူး။ သမ္မတအရည်အချင်းမှာ စစ်ရေးအမြင်အစား ကာကွယ်ရေးအမြင် ဆိုတာကို ၅၅၀ ဦးထောက်ခံတယ် ဆိုတာက ဒါလည်း သိပ်ပြီးတော့ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ရေးအမြင်ဆိုပြီး တပ်မတော်သားတစ်ဦးက ဆွေးနွေးခဲ့တယ်။ ဒါကလည်း သိပ်ပြီးတော့ အငြင်းပွားဖွယ် မရှိပါဘူး။ ၅၅၀ ဦး ထောက်ခံတယ်ဆိုတာ ဘာမှမထူးဆန်းပါဘူး။ ၅၈၃ ယောက်လုံး ဘာလို့မထောက်ခံလဲဆိုတာ စဉ်းစားစရာပေါ့။ ကာကွယ်ရေး အမြင်ဆိုတာ မကြိုက်လို့ဘဲ ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့ဟာတွေ အတွက်တော့ ဘာမှ အံ့သြစရာတော့ မရှိပါဘူး” ဟု ပြောကြားသည်။

ဆက်လက်၍ “ဒီနေ့ရလဒ်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွက် ရလဒ်မဲ့သွားတယ်လို့ ပြောလို့ရနိုင်ပါသလား” ဟု မေးမြန်းမှုအပေါ် “မဟုတ်ပါဘူး။ ဒေါက်တာအောင်မိုးညို ပြောသွားတာ တစ်ခုရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးက လုံလုံလောက်လောက် မရှိဘူးပေါ့ တကယ်တမ်းပြောရရင်။ အဲဒီလို လုံလောက်မှုမရှိတဲ့ ပြုပြင်ပြောင်းလဲရေးကိုတောင်မှ မလိုလားဘူးဆိုတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို နင်းခြေရာ ရောက်တယ် ဆိုတာဟာ ကန့်ကွက်တဲ့သူတွေက ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို တန်ဖိုးမထားဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောသွားတာပါ။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေဟာလည်း ပျောက်ကွယ်သွားစရာ မလိုပါဘူး။ စိတ်ဓာတ်ကျစရာ မလိုဘူး။ ဆက်ပြီးတော့ ဘယ်လိုပုံစံနဲ့ သွားရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိသွားနိုင်တယ်လို့ပဲ ယူဆပါတယ်” ဟု မီဒီယာများအား ပြောကြားသည်။

ထို့ပြင် မဲခွဲဆုံးဖြတ်ရာတွင် ထိုင်ထ စနစ်နှင့် ဆုံးဖြတ်သည်ကို ပိုကြိုက်ကြောင်း၊ ဘာလို့လဲဆိုတော့ မတ်တတ်ရပ်ပြီး ဆုံးဖြတ်တာက ကိုယ့်ယုံကြည်မှုကို ပြည်သူကို ပြသခြင်းဖြစ်ကြောင်း၊ အခုလုပ်သွားသည့် စနစ်ကိုလည်း ထူးထူးခြားခြားတော့ ကန့်ကွက်စရာ မရှိကြောင်း ဆက်လက်ပြောကြားသည်။

“တပ်မတော်သားတွေကတော့ အရင်ကတည်းက ကန့်ကွက်ခဲ့ကြတာပဲလေ။ အခု လည်း ဒီအတိုင်းပဲလုပ်သွားတာပဲ။ တပ်မ တော်သားတွေ ကန့်ကွက်တယ် ဆိုတာလည်း ပြည်သူလူထုက ရှင်းရှင်းသိသွားတာပေါ့။ တပ်မတော်သားတွေ ကန့်ကွက်ရင် မဖြစ်နိုင်ဘူးဆိုတာ အားလုံးသိပါတယ်။ အခုဟာကတော့ တပ်မတော်သားတွေအပြင် ပြည်သူတွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကပါ ကန့်ကွက်တယ်ဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်တာတွေက တကယ်ပြင်ချင်တယ် ဆိုတာကို မီးမောင်းထိုးပြရာ ရောက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပုဒ်မ ၄၃၆ နှင့်ပတ်သက်၍ တပ်မတော်သားများ၏ ကန့်ကွက်မှုအား မအံ့သြကြောင်း၊ တပ်မတော်သားများ အနေဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်ကို နာခံရသည်မှာ အမှန်ဖြစ်ကြောင်း၊ တပ်မတော်သားများ အနေဖြင့် ထိုကဲ့သို့ပင် ဖြစ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်ဆိုတာ အထက်အမိန့်ကို နာခံရခြင်းမှာ အမှန်ဖြစ်ကြောင်း၊ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ရေးထိုးထားသည့် ပြည်သူငါးသန်းကျော်၏ လက်မှတ်ကို အားလုံးသိကြမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Writer:
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template